Eleven Media Group

■ ဆော်ဒီလိဂ်မှ ဂွါဒီယိုလာကို ကမ်းလှမ်းခဲ့ကြောင်း သတင်းထွက်လာပြီးနောက် မန်စီးတီးအသင်း အနာဂတ်အတွက် စပိန်လူမျိုးနည်းပြ နှစ်ဦးကို ပစ်မှတ်ထား

Photo: TEAMtalk

မန်စီးတီးအသင်းသည် အသင်းနည်းပြဖြစ်သူ ဂွါဒီယိုလာအား ဆော်ဒီလိဂ်မှ မြင့်မားသောလစာငွေပမာဏတစ်ရပ်ဖြင့် ကမ်းလှမ်းခဲ့သည်ဟု သတင်းထွက်ပေါ်လာပြီးနောက် အသင်း၏အနာဂတ်အတွက် ၎င်း၏နေရာကို အစားထိုးရန်အတွက် စပိန်လူမျိုးနည်းပြများကိုပင် ပစ်မှတ်ထားနေကြောင်း သိရသည်။

ဂွါဒီယိုလာသည် လက်ရှိကလပ် မန်စီးတီးအသင်းနှင့် ၂၀၂၇ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုထားသော်လည်း ရလဒ်ဆိုးများနှင့် ရင်ဆိုင်နေရသည့်အတွက် အနာဂတ်ရေရာခြင်းမရှိကြောင်း ထင်ကြေးပေးမှုများ ရှိနေသည်။ ဂွါဒီယိုလာကိုယ်တိုင်ကလည်း ၎င်းအနေဖြင့် အခြားအသင်းတစ်သင်းတွင် ဆိုပါက ရာထူးမှထုတ်ပယ်ခံရနိုင်သည့် အခြေအနေဖြစ်ကြောင်း ဝန်ခံပြောကြားထားသည်။

ယင်းကဲ့သို့ အနာဂတ်မရေရာသည့် အနေအထား ဖြစ်နေသောကြောင့် ဆော်ဒီလိဂ်မှ ကလပ်အသင်းတစ်သင်းက ၎င်းအား ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါကလပ်အသင်း၏အမည်ကို အတိအကျဖော်ပြခြင်း မရှိသော်လည်း အလွန်မြင့်မားသည့် လစာနှုန်းထားဖြင့် ကမ်းလှမ်းထားခြင်းဖြစ်သည်။

ယင်းကလပ်အသင်းသည် ဂွါဒီယိုလာအား မန်စီးတီးအသင်းတွင် လက်ရှိရရှိနေသည့်လစာထက် ပိုမိုပေးချေသွားမည် ဖြစ်သည့်အပြင် နှစ်ရှည် စာချုပ်ချုပ်ဆိုသွားမည်ဟု ကမ်းလှမ်းထားခြင်းဖြစ်ကြောင်း သိရသည်။ ဂွါဒီယိုလာသည် မန်စီးတီးအသင်းတွင် တစ်နှစ်လစာ ယူရို(၂၂)သန်းကျော် ရရှိနေသူဖြစ်ပြီး ဘောလုံးလောက၏ လစာအများဆုံးနည်းပြစာရင်းတွင် ပါဝင်နေသူ ဖြစ်သည်။ သို့သော် ဆော်ဒီလိဂ်သို့ ပြောင်း ရွှေ့ခဲ့ပါက ယင်းလစာထက် အနည်းဆုံး နှစ်ဆဝန်းကျင် ပိုမိုရဖွယ်ရှိကြောင်း သိရသည်။

မန်စီးတီးအသင်း ပစ်မှတ်ထားနိုင်သည့် နည်းပြနှစ်ဦးမှာ လက်ရှိ လေဗာကူဆင်အသင်းနည်းပြ ရှာဘီအလွန်ဆိုနှင့် ဂျီရိုနာ အသင်းနည်းပြ မီချယ်လ်တို့ ဖြစ်လာဖွယ်ရှိကြောင်း သိရသည်။ မန်စီးတီးအသင်းသည် ဂွါဒီယိုလာကို စာချုပ်သက်တမ်းမတိုးမီ အ နာဂတ်နည်းပြအဖြစ် ရှာဘီအလွန်ဆိုနှင့် အစားထိုးနိုင်ကြောင်း ပြီးခဲ့သည့်နှစ် နိုဝင်ဘာလကတည်းက သတင်းထွက်ထားခဲ့သူဖြစ်သည်။ ဂျီရိုနာအသင်းကို အကောင်းဆုံး ကိုင်တွယ်နေသည့် မီချယ်လ်မှာလည်း လတ်တလောတွင် ထိပ်သီးအသင်းများ၏ စိတ်ဝင်စားမှု ရလာခဲ့သည်။

မူရင်းသတင်း — Eleven Media Group