Eleven Media Group

■ IBF ဟဲဗီးဝိတ်ချန်ပီယံ ဒူဘွာအနေဖြင့် အူဆိုက်နှင့် မကျေပွဲ ပြန်လည်ထိုးသတ်ဖွယ် ရှိနေ

Photo: Getty Images

IBF ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဖြစ်သူ ဗြိတိန်လက်ဝှေ့သမား ဒန်နီယဲလ်ဒူဘွာအနေဖြင့် WBO ၊ WBC နှင့် WBA (Super) ချန်ပီယံ အိုလက်ဇန္ဒားအူဆိုက်နှင့် မကျေပွဲပြန်လည်ထိုးသတ်မည့် လမ်းကြောင်းပေါ်တွင် ရှိနေကြောင်း သိရသည်။

ဒူဘွာ(၂၇ နှစ်)သည် ပြီးခဲ့သည့်စနေနေ့က နယူးဇီလန်လက်ဝှေ့သမား ဂျိုးဆက်ပါကားနှင့် ဆော်ဒီအာရေဗျနိုင်ငံ၌ ချန်ပီယံ ကာကွယ်ပွဲ ထိုးသတ်ရန် ရှိခဲ့သော်လည်း ပွဲမတိုင်မီ ရက်ပိုင်းအလိုတွင် နေမကောင်းဖြစ်မှုကို အကြောင်းပြကာ ပွဲမှနုတ်ထွက်ခဲ့သည်။

ဒူဘွာ၏နာမည်ကြီးပွဲစီစဉ်သူ ဖရန့်ဝါရင်က အူဆိုက်နှင့်မကျေပွဲမှာ ဖြစ်လာနိုင်ခြေများစွာရှိကြောင်း ဖွင့်ဟခဲ့သည်။

"နောက်ထပ်အရွေ့တစ်ခုကို ကြည့်လိုက်ပါ။ ကျွန်တော်ကတော့ ချန်ပီယံရွှေခါးပတ်လေးခု ပေါင်းစည်း ပွဲအတွက် အူဆိုက်နဲ့ထိုးတာ၊ ဒါမှမဟုတ် အန်သိုနီဂျိုရှူအာနဲ့ ပြန်ထိုးတာ ဖြစ်နိုင်ပါတယ်။ နောက်တစ်ပတ် သို့မဟုတ် အဲဒီဝန်းကျင်မှာ ကျွန်တော်တို့ အကောင်အထည် ဖော်ပါလိမ့်မယ်။ အသင်းအဖွဲ့တစ်ခုအနေနဲ့ ဖြစ်နိုင်ခြေကို ကျွန်တော်တို့ ဆွေးနွေးမှာဖြစ်ပြီး ပြီးရင်တော့ ဆုံးဖြတ်ချက် ချမှတ်ပါလိမ့်မယ်။ လူတိုင်းရဲ့အမြင်က အရေးကြီးပေမဲ့ ဒန်နီယဲလ်(ဒူဘွာ) အဖို့ ပိုအရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ လက်ဝှေ့ပွဲထိုးဖို့ လိုနေပြီး အပြီးသတ်ဆုံးဖြတ်ချက် ချမှတ်ရပါမယ်"ဟု ဖရန့်ဝါရင်က ပြောကြားခဲ့သည်။

ဒူဘွာနှင့် အူဆိုက်သည် ၂၀၂၃ ခုနှစ် သြဂုတ်လက ရင်ဆိုင်ထိုးသတ်ခဲ့ဖူးသူများဖြစ်ပြီး အူဆိုက်က ကိုးချီမြောက်တွင် ပြိုင်ဘက်ဖြစ်သူကို အလဲထိုးဖြင့် အနိုင်ရထားခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group