Eleven Media Group

■ ပရီးမီးယားလိဂ် ပွဲစဉ်-၂၇ ပွဲကြိုသုံးသပ်ချက်

Photo: Getty Images

■ ဘရန့်ဖို့ဒ် - အဲဗာတန် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၂၇ ရက် နံနက် ၂:၀၀ နာရီ)

ဘရန့်ဖို့ဒ်အသင်းကတော့ ခြေတက်နေတဲ့ အဲဗာတန်နဲ့ ထိပ်တိုက်တွေ့နေတယ်။ အဲဗာတန်အသင်းရဲ့ ခြေစွမ်းက တော်တော်လေး တိုးတက်နေပြီး ဘီတိုကလည်း ဂိုးတွေ ဆက်တိုက်သွင်းနေတာ တွေ့ရတယ်။ ဒါပေမဲ့ ဘရန့်ဖို့ဒ်က အဲဗာတန်ဖြတ်သန်းခဲ့တဲ့ပွဲတွေထဲမှာ တော်တော်လေးကျပ်တည်းတဲ့ ပွဲတစ်ပွဲဖြစ်ဖို့ သေချာတယ်။ ဘရန့်ဖို့ဒ်တိုက်စစ်က အဲဗာတန်ကို ဒုက္ခပေးလိမ့်မယ်။ ဘရန့်ဖို့ဒ်ကိုကြိုက်တယ်။

■ နော်တင်ဟမ် - အာဆင်နယ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၂၇ ရက် နံနက် ၂:၀၀ နာရီ)

နော်တင်ဟမ်အသင်းရဲ့အိမ်ကွင်းကစားပုံက တော်တော်လေး အားကောင်းပါတယ်။ ရှေ့၊ လယ်၊ နောက် ဟန်ချက်ညီ တယ်။ ခံစစ်မာကျောတယ်။ ပေးဂိုးနည်းတယ်။ တန်ပြန်တိုက်စစ်တွေနဲ့ ပြိုင်ဘက်တွေကို ဒုက္ခပေးနိုင်တာတွေ့ရတယ်။ ဒါပေမဲ့ နောက်ဆုံးကစားခဲ့တဲ့ နယူးကာဆယ်နဲ့ အဝေးကွင်းပွဲမှာတော့ နော်တင်ဟမ်အသင်း ရှုံးပွဲတွေ့ခဲ့တယ်။ အာဆင်နယ်ကလည်း ချန်ပီယံမျှော်လင့်ချက်တော်တော်လေး အားနည်းသွားတယ်။ စိတ်လျှော့လိုက်ရင် ချန်ပီယံလိဂ်ဝင်ခွင့်ကလည်း ပူစရာမရှိတဲ့အခြေအနေဖြစ်တယ်။ ဒါ့အပြင် တိုက်စစ်ဒဏ်ရာပြဿနာ ကြုံတွေ့နေရတဲ့ အာဆင်နယ်အသင်းအတွက် ဒီပွဲက ခက်ခဲလိမ့်ဦးမယ်လို့ ယူဆရတယ်။ နော်တင်ဟမ်ကို ကြိုက်မိတယ်။

■ နော်တင်ဟမ်အသင်းသည် ပရီးမီးယားလိဂ်အိမ်ကွင်းနောက်ဆုံး (၆)ပွဲဆက် ရှုံးပွဲမရှိကစားနိုင်ခဲ့ပြီး (၅)ပွဲအထိအနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။


■ စပါး - မန်စီးတီး (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၂၇ ရက် နံနက် ၂:၀၀ နာရီ)

စပါးအသင်းက နောက်ပိုင်းကစားခဲ့တဲ့ ပွဲတွေမှာ ခြေပြန်တက်လာတယ်။ အထူးသဖြင့် အသင်းက လူနည်းနည်း ပြန်စုံလာပြီးနောက်ပိုင်း ရလဒ်တွေကောင်းလာတယ်လို့ ပြောရမယ်။ နည်းပြ ပိုစတီကိုဂလူးရဲ့စပါးအသင်း ခံစစ်ပိုင်းမှာ ဒန်ဆိုကို ခေါ်ယူလိုက်ခြင်းက ခံစစ်ပိုင်းအားနည်းမှုတွေကို လျှော့ချပေးလိုက်ပြီး၊ ကွင်းလယ်မှာလည်း ဘန်တန်ကာ က အကောင်းဆုံး ဦးဆောင်မှုပေးနေတယ်။ ဂျိမ်းစ်မတ်ဒီဆန်က အသင်းကို အပြောင်းအလဲတွေလုပ်ပေးနိုင်သူဖြစ်ပြီး မတ်ဒီဆန်လည်း ဒီပွဲမှာ ပြန်ပါလာလိမ့်မယ်လို့ ယူဆရတယ်။ မန်စီးတီးအသင်းကတော့ တစ်ဦးချင်းအမြန်နှုန်းအားကောင်းတဲ့ ကစားသမားတွေရှိနေပေမဲ့အသင်းလိုက်စုဖွဲ့မှုနဲ့ ကစားကွက် အမြန်နှုန်းကတော့ လိုနေသေးတယ်။ အထူးသဖြင့် ဂွန်ဒိုဂန်က ကွင်းလယ်မှာ အသင်းရဲ့ အမြန်နှုန်းကို မတင်ပေးနိုင် ဘူး ဖြစ်နေတယ်။ စပါးကွင်းက မန်စီးတီး ရုန်းကန်ရလေ့ရှိတဲ့ ကွင်းလည်းဖြစ်တယ်။ ဒါ့အပြင် လက်ရှိမန်စီးတီးအသင်းရဲ့ ကွင်းတွင်းခြေစွမ်းကို သုံးသပ်ရရင် တည်ငြိမ်မှုကင်းမဲ့နေသေးတယ်လို့ ဆိုရမယ်။ စပါးကို ကြိုက်တယ်။ အပြန်အလှန်သွင်းဂိုးတွေ မြင်ရနိုင်တယ်။

■ စပါးအသင်းသည် ပရီးမီးယားလိဂ်အိမ်ကွင်းနောက်ဆုံး (၈)ပွဲတွင် (၅)ပွဲအထိရှုံးနိမ့်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်တစ်သင်းတည်းကိုသာ အနိုင်ရရှိခဲ့သည်။
■ မန်ချက်စတာစီးတီးအသင်း၏ ပရီးမီးယားလိဂ်အဝေးကွင်းနောက်ဆုံး (၆)ပွဲတွင် (၄)ပွဲမှာ (၂)သင်းပေါင်းသွင်းဂိုး (၄)ဂိုးနှင့်အထက်တွင် ရှိခဲ့သည်။


■ မန်ယူ - အစ်ဝစ်ချ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၂၇ ရက် နံနက် ၂:၀၀ နာရီ)

မန်ယူနိုက်တက်အသင်းက နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ အဲဗာတန်ဆီကနေ တစ်မှတ်ရခဲ့ပြီး အစ်ဝစ်ချ်ကတော့ စပါးကို အိမ်ကွင်းမှာပဲ ဂိုးပြတ်ရှုံးခဲ့တာကို တွေ့ရတယ်။ လက်ရှိခြေစွမ်းအရဆိုရင် အစ်ဝစ်ချ်ကတောင် ဆွဲဆောင်မှုပိုရှိနေတဲ့အနေအထားဖြစ်ပြီး ဒီလပ်၊ ဟတ်ချင်ဆန်တို့က မန်ယူနိုက်တက်ခံစစ်ကို ဒုက္ခပေးနိုင်သူတွေပါ။ အိုးလ်ထရက်ဖို့ဒ်ဆိုပေမယ့် အစ်ဝစ်ချ် မထင်မှတ်တာတွေကို လုပ်ပြသွားနိုင်တယ်။


■ လီဗာပူးလ် - နယူးကာဆယ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၂၇ ရက် နံနက် ၂:၄၅ နာရီ)

မန်စီးတီးကွင်း အစ်တီဟတ်မှာ ၂ ဂိုးပြတ်အနိုင်ရထားခဲ့လို့ ဒီပွဲအတွက် လီဗာပူးလ် အဆင်သင့်ဖြစ်နေလိမ့်မယ်လို့ ပြောလို့ရတယ်။ နယူးကာဆယ်နဲ့ ကစားမယ့်ပွဲပြီးရင် လီဗာပူးလ်အသင်းက ရာသီကုန်အထိ ပွဲအရမ်းမကျပ်တော့တဲ့ အတွက် ပရီးမီးယားလိဂ်အနေနဲ့ဆိုရင် ဒီပွဲကို ဗိုလ်လုပွဲလို သဘောထားပြီး ကစားလို့ ရလိမ့်မယ်။ နယူးကာဆယ်က အိမ်ကွင်းမှာ ကြောက်စရာ ကောင်းပေမယ့် အဝေးကွင်းပွဲစဉ်တွေမှာတော့ ရလဒ်က သာမန်ပါပဲ။ အသင်းကြီးတွေကို အားထည့်ပြီး ရုန်းကန်ကစားလေ့ရှိပေမယ့် ခံစစ်ပိုင်းက အဝေးကွင်းမှာ ပြဿနာရှိတယ်။ ဒါပေမဲ့ အီဆက်ခ် ဦးဆောင်တဲ့ တိုက်စစ်ကတော့ အထင်ကြီးစရာကောင်းပြီး ဒီပွဲမှာလည်း လီဗာပူးလ်ခံစစ်ကို ဒုက္ခပေးဖို့ ကြိုးစားလိမ့်မယ်။ ဒါပေမဲ့ အန်ဖီးလ်မှာတော့ နယူးကာဆယ်အသင်း ရလဒ်ကောင်းဖို့ မလွယ်ပါဘူး။ လီဗာပူးလ်ပဲ နိုင်ပွဲရယူသွားဖို့ များပါတယ်။ (၁-၀၊ ၂-၁) ရလဒ်တွေ ဖြစ်နိုင်တယ်။

■ လီဗာပူးလ်အသင်းသည် နယူးကာဆယ်အသင်းနှင့်တွေ့ဆုံသည့် ပရီး မီးယားလိဂ်နောက်ဆုံး (၁၆)ပွဲဆက် ရှုံးပွဲမရှိကစားနိုင်ခဲ့ပြီး (၁၁)ပွဲအထိအနိုင်ရခဲ့သည်။
■ နယူးကာဆယ်အသင်း၏ ပရီးမီးယားလိဂ်နောက်ဆုံး (၅)ပွဲတွင် (၄) ပွဲမှာ (၂)သင်းပေါင်းသွင်းဂိုး (၄)ဂိုးနှင့်အထက်တွင် ရှိခဲ့သည်။

မူရင်းသတင်း — Eleven Media Group