Eleven Media Group

ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူနိုင်ရန်အတွက် လက်ကျန်အိမ်ကွင်းပွဲစဉ်များတွင် အစွမ်းကုန်အားပေးကြရန် လီဗာပူးလ်ပရိသတ်များကို ဗန်ဒိုက် တိုက်တွန်း

Photo: Premier League

လီဗာပူးလ်အသင်းခေါင်းဆောင် ဗန်ဒိုက်က ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူနိုင်ရန်အတွက် လက်ကျန်အိမ်ကွင်းပွဲစဉ်များတွင် အသင်းကို အစွမ်းကုန်အားပေးကြရန် အသင်းပရိသတ်များကို တိုက်တွန်းပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်တွင် (၂၈) ပွဲကစားထားပြီး ရမှတ် (၆၇) မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးမှ ဦးဆောင်နေပြီး ဒုတိယနေရာမှ ၎င်းတို့ထက် တစ်ပွဲလျော့ကစားထားသည့် အာဆင်နယ်အသင်း (၅၄ မှတ်)ကို (၁၃) မှတ်အထိ ဖြတ်ထားသည်။
လီဗာပူးလ်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်လက်ကျန် (၁၀) ပွဲတွင် အိမ်ကွင်း (၆)ပွဲအထိ ကစားရမည်ဖြစ်သည်။
လီဗာပူးလ်အသင်းသည် ပြီးခဲ့သည့် နယူးကာဆယ်အပါအဝင် ဆောက်သမ်တန်၊ အဲဗာတန်တို့နှင့် ကစားမည့် ပရီးမီးယားလိဂ် (၃) ပွဲဆက်တိုက် အိမ်ကွင်းတွင် ကစားရမည်ဖြစ်သည်။
လီဗာပူးလ်အသင်းကို စိတ်ခွန်အားကြီးမားသည့်အသင်းအဖြစ် အသင်းနည်းပြဟောင်း ကလော့ပ်က တင်စားခဲ့သော်လည်း ဗန်ဒိုက်က လီဗာပူးလ်ကစားသမားများမှာ လူသားများသာဖြစ်ပြီး စိုးရိမ်သောကများ ရှိနိုင်ကြောင်းနှင့် အသင်းပရိသတ်များ၏အားပေးမှုကို လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ဗန်ဒိုက်က ''ကျွန်တော်တို့က သာမန်လူတွေဖြစ်ပြီး စိုးရိမ်သောကတွေ၊ စိတ်ဖိစီးမှုတွေ ရှိနိုင်ပါတယ်။ အန်ဖီးလ်မှာ ပြိုင်ဘက်တွေကို ကြောက်လန့်အောင် အသင်းပရိသတ်တွေ အားပေးတာက ကျွန်တော်တို့အတွက် အကူအညီဖြစ်ပါတယ်။ အသင်းပရိသတ်တွေက ကျွန်တော်တို့ကို အမြဲလိုလို အားပေးကြပြီး တကယ်လည်း အကူအညီဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ ပွဲတွေအများကြီး ကစားဖို့ ကျန်ရှိသေးပြီး အိမ်ကွင်းပွဲတွေက ပိုများပါတယ်။ အဲဒီပရီးမီးယားလိဂ်လက်ကျန်အိမ်ကွင်းပွဲတွေမှာ အံ့သြစရာဖြစ်အောင် ကျွန်တော်တို့ လုပ်ရမှာပါ။ ပရိသတ်တွေအနေနဲ့ အဲဒီပွဲတွေမှာ အသံကျယ်နိုင်သလောက် ကျယ်အောင် အားပေးဖို့ လိုပါတယ်။ ကျွန်တော်တို့အနေနဲ့ ပုံမှန်ဆိုရင် ဒီအကြောင်းကို သိပ်မပြောဖြစ်ပါဘူး။ ဒီတော့ ပရီးမီးယားလိဂ်လက်ကျန်အိမ်ကွင်းပွဲတွေကို ကျွန်တော်တို့ အကောင်းဆုံး ခံစားရအောင်ပါ။ ဒါက ကျွန်တော်တို့လုပ်နိုင်တဲ့ အကောင်းဆုံးအရာပါပဲ''ဟု ပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group