Eleven Media Group

ဆာဂျင်မ်ရက်ကလစ်ဖ်၏ ဗီလိန်ဆန်ဆန်ကယ်တင်ခြင်း

Photo : AFP

မန်ယူပရိသတ်တွေရဲ့ စကားဝိုင်းမှာတော့ အခုမှ ပိုဆိုးနေပြီဆိုတဲ့ ညည်းတွားသံတွေ ဆူညံနေပါပြီ။ အသင်းကို စီမံခွင့်ရနေတဲ့ ရှယ်ယာရှင်အသစ် ဆာဂျင်မ်ရက်ကလစ်ဖ်ရဲ့ အံ့အားသင့်စရာကောင်းတဲ့ လုပ်ဆောင်မှုတွေကြောင့်ပါ။ မန်ယူပရိသတ်တွေက ဆာဂျင်မ်ရက်ကလစ်ဖ် ရှယ်ယာရှင်အသစ်ဖြစ်လာတာ၊ ဘောလုံးရေးရာကိစ္စတွေမှာ စီမံဆောင်ရွက်ခွင့်ရလာတာကို ဝမ်းပန်းတသာ ကြိုဆိုခဲ့ကြပါတယ်။ မျှော်လင့်ချက်အများကြီးထားခဲ့ကြပါတယ်။ လွဲမှားတဲ့ လမ်းကြောင်းပေါ် ရောက်နေသလိုဖြစ်နေတဲ့ မန်ယူအသင်းကို လမ်းကြောင်းမှန်ပေါ် ပြန်လည်ပို့ဆောင်ပေးနိုင်မယ့်သူအဖြစ်လည်း ယုံကြည်ခဲ့ကြပါတယ်။

မန်ယူပရိသတ်တွေရဲ့ စကားဝိုင်းမှာတော့ အခုမှ ပိုဆိုးနေပြီဆိုတဲ့ ညည်းတွားသံတွေ ဆူညံနေပါပြီ။ အသင်းကို စီမံခွင့်ရနေတဲ့ ရှယ်ယာရှင်အသစ် ဆာဂျင်မ်ရက်ကလစ်ဖ်ရဲ့ အံ့အားသင့်စရာကောင်းတဲ့ လုပ်ဆောင်မှုတွေကြောင့်ပါ။ မန်ယူပရိသတ်တွေက ဆာဂျင်မ်ရက်ကလစ်ဖ် ရှယ်ယာရှင်အသစ်ဖြစ်လာတာ၊ ဘောလုံးရေးရာကိစ္စတွေမှာ စီမံဆောင်ရွက်ခွင့်ရလာတာကို ဝမ်းပန်းတသာ ကြိုဆိုခဲ့ကြပါတယ်။ မျှော်လင့်ချက်အများကြီးထားခဲ့ကြပါတယ်။ လွဲမှားတဲ့ လမ်းကြောင်းပေါ် ရောက်နေသလိုဖြစ်နေတဲ့ မန်ယူအသင်းကို လမ်းကြောင်းမှန်ပေါ် ပြန်လည်ပို့ဆောင်ပေးနိုင်မယ့်သူအဖြစ်လည်း ယုံကြည်ခဲ့ကြပါတယ်။ ဆာဂျင်မ်ရက်ကလစ်ဖ်က ဗြိတိန်ရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်တွေထဲက တစ်ယောက်၊ မန်ယူအသင်းကို ဂလေဇာမိသားစုရဲ့ လက်ထဲကနေ အပြီးသတ်ဝယ်ယူချင်နေသူတစ်ယောက်ဖြစ်တာကြောင့်လည်း ပရိသတ်တွေက ပိုပြီးမျှော်လင့်ခဲ့ကြတာပါ။ ဒါပေမဲ့ ဆာဂျင်မ်ရက်ကလစ်ဖ်က သူတို့တွေးထင်မထားတဲ့ အရာတွေကို လုပ်ဆောင်လာခဲ့ပါတယ်။ ဂန္ထဝင်နည်းပြကြီး ဖာဂူဆန်ကို သံတမန်ရာထူးအတွက် ပေးအပ်နေတဲ့ လစာပေါင်(၂)သန်းကျော်ကို ဆက်မပေးဖို့ ဆုံးဖြတ်ခဲ့တာ၊ ဝန်ထမ်းတွေ လျှော့ချတာ၊ လက်မှတ်ဈေးနှုန်း မြှင့်တင်တာတွေက အံ့အားသင့်စရာဖြစ်ခဲ့ရသလို၊ အခုနောက်ဆုံး အိုးလ်ထရက်ဖို့ဒ်ကွင်းက ဝန်ထမ်းတွေကို နေ့လယ်စာကျွေးတဲ့အစီအစဉ် ရပ်ဆိုင်းလိုက်တာ၊ ကစားသမားဟောင်းတွေအတွက် ပေးအပ်နေတဲ့ ရန်ပုံငွေအစီအစဉ်ကို အဆုံးသတ်ပစ်လိုက်တာတွေက မန်ယူပရိသတ်တွေ ပါးစပ်အဟောင်းသားဖြစ်သွားစေခဲ့ပါတယ်။ တကယ်တော့ မန်ယူပရိသတ်အများစု မျှော်လင့်ထားခဲ့တာက ဆာဂျင်မ်ရက်ကလစ်ဖ်ရဲ့ ဦးဆောင်မှုအောက်မှာ နည်းပြအပြောင်းအလဲလုပ်မယ်၊ ထိပ်တန်းကစားသမားတွေ ခေါ်ယူအားဖြည့်မယ်၊ အိုးလ်ထရက်ဖို့ဒ် ကွင်းကြီးကို အဆင့်မြှင့်တည်ဆောက်မယ်၊ ဆုဖလားအောင်ပွဲတွေ ပြန်လည်ရယူမယ် အဲဒီလိုမျိုးပါ။ အခုလောက်အထိ မြေလှန်ပြောင်းလဲမှုတွေ ပြုလုပ်လိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။ ဒီအချိန်မှာ မန်ယူအသင်းရဲ့ ကွင်းတွင်းအခြေအနေကလည်း ဆုတ်ယုတ်ကျဆင်းနေတာကြောင့် ဆာဂျင်မ်ရက်ကလစ်ဖ် ဦးဆောင်ခါမှ ပိုဆိုးနေပြီဆိုတဲ့ ညည်းတွားသံတွေ ထွက်ပေါ်လာခဲ့တာပါ။ ပရိသတ်တချို့ကတော့ ဆာဂျင်မ် ဘာတွေလုပ်နေတာလဲ၊ ဒါတွေက ဒီလောက်လိုအပ်လို့လားလို့ မေးခွန်းထုတ်လာကြပါတယ်။ ဆာဂျင်မ် ဘာတွေလုပ်နေတာလဲ။ ဒီလောက် လိုအပ်လို့လား။

တစ်နှစ်အကြာ
လက်ရှိအချိန်မှာ ဆာဂျင်မ်ရက်ကလစ်ဖ်ရဲ့ လုပ်ဆောင်မှုတွေက မန်ယူပရိသတ်တွေရဲ့ကြားမှာ ဗီလိန်ဆန်နေတာတော့ အမှန်ပါပဲ။ ဆာဂျင်မ်ရက်ကလစ်ဖ်က ၂၀၁၈ မှာ ဗြိတိန်ရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ပြီး လက်ရှိငွေကြေးကြွယ်ဝမှုက အဲဒီတုန်းကထက် (၂.၅)ဘီလီယံလောက် မြင့်တက်လာခဲ့ပေမဲ့ အချမ်းသာဆုံးစာရင်းမှာတော့ စတုတ္ထနေရာရောက်သွားပါတယ်။ ဗြိတိန်မှာ သူ့ထက်ချမ်းသာတဲ့သူ (၃)ယောက်ရှိသွားတာကြောင့်ဖြစ်ပြီး ဆာဂျင်မ်ရက်ကလစ်ဖ်ရဲ့ လက်ရှိကြွယ်ဝမှုက ပေါင်(၂၃.၅၂)ဘီလီယံရှိတယ်လို့ Sunday Times က ဖော်ပြခဲ့ပါတယ်။ ဆာဂျင်မ်ရက်ကလစ်ဖ်က အသက်(၇၂)နှစ်ရှိပါပြီ။ လန်ဒန်အခြေစိုက် ဓာတုလုပ်ငန်းကုမ္ပဏီ INEOS ရဲ့ အမှု ဆောင်ချုပ်ဖြစ်ပါတယ်။ INEOS က အားကစားလောကထဲ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လုပ်ဆောင်လာတာ (၁၀)နှစ်နီးပါးတော့ ရှိပါပြီ။ ဘောလုံးလောကမှာ ဆွစ်ဇာလန်ကလပ် လော်ဆန်းနဲ့ ပြင်သစ်ကလပ် နိုက်စ်အသင်းတွေကို ပိုင်ဆိုင်ထားပြီး လက်ရှိအချိန်မှာ မန်ယူအသင်းရဲ့ ရှယ်ယာ (၂၈.၉၄)ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပါတယ်။ ဆာဂျင်ရက်ကလစ်ဖ်က မန်ယူပရိသတ်ဆိုပေမဲ့ ချယ်လ်ဆီးအသင်းကို ဝယ်ယူဖို့ ကြိုးစားခဲ့ပါသေးတယ်။ ရုရှားသူဌေး အေဘရာမိုဗစ်ချ်အသင်းကို ရောင်းထုတ်ရမယ့်အခြေအနေရောက်လာတော့ ဆာဂျင်မ်ရက်ကလစ်ဖ်က ပေါင်(၄.၂၅)ဘီလီယံနဲ့ ကမ်းလှမ်းခဲ့ပေမဲ့ ပယ်ချခံခဲ့ရပြီး တော့ဒ်ဘိုလီ ဦးဆောင်တဲ့ အမေရိကန်သူဌေးတွေ ဝယ်ယူသွားနိုင်ခဲ့တာပါ။ ချယ်လ်ဆီးကို မရတော့မှ ဆာဂျင်မ်ရက်ကလစ်ဖ်က မန်ယူဘက် ဦးလှည့်လာခဲ့တာဖြစ်ပြီး အပြီးသတ်ဝယ်ယူဖို့အထိ စိတ်ကူးရှိခဲ့ပေမဲ့ ဂလေဇာမိသားစုက တစ်စိတ်တစ်ပိုင်းသာ ရောင်းချခဲ့တာပါ။ ဒါပေမဲ့ ဆာဂျင်မ်ရက်ကလစ်ဖ်ကို ဘောလုံးဆိုင်ရာ ကိစ္စတွေမှာ စီမံဆောင်ရွက်ခွင့်ပေးခဲ့ပါတယ်။ အခု ဆာဂျင်မ်ရက်ကလစ်ဖ် မန်ယူအသင်းရဲ့ ပူးတွဲ ပိုင်ရှင်လို့ဆိုနိုင်တဲ့ ရှယ်ယာရှင်ဘဝရောက်ရှိလာတာ တစ်နှစ်ပြည့်သွားပါပြီ။ မန်ယူအသင်းဘာတွေ ပြောင်းလဲခဲ့ပြီလဲ။ ဘာတွေ ဘယ်လောက်တိုးတက်လာပြီလဲ။ ကွင်းတွင်းအခြေအနေနဲ့ ရလဒ် ပိုင်းကတော့ အနုတ်လက္ခဏာဆောင်ပါတယ်။ မန်ယူအသင်းက ပြီးခဲ့တဲ့နွေရာသီမှာ ကစားသမားသစ်ခေါ်ယူမှုအတွက် ပေါင်သန်း(၁၈၀)ကျော်သုံးစွဲခဲ့ပြီး ဇန်နဝါရီအပြောင်းအရွှေ့မှာ ပေါင်(၂၅)သန်းလောက် ထပ်သုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာမှာ နယ်သာလန်နည်းပြ တန်ဟက်ဂ်ကို ရာထူးက ထုတ်ပယ်ပြီး ပေါ်တူဂီနည်းပြ အာမိုရင်မ်ကို အစားထိုးခန့်အပ်ခဲ့ပါတယ်။ တန်ဟက်ဂ်နဲ့ နည်းပြဘဝကို လျော်ကြေးပေးရတာ၊ စပို့တင်းလစ္စဘွန်းအသင်းကို လျော်ကြေးပေးရတာအတွက် ပေါင်သန်း(၂၀)ကျော်ကုန်ကျခဲ့ပါတယ်။ ဒါပေမဲ့ အာမိုရင်မ်လက်ထက် မန်ယူအသင်းရဲ့ ပရီးမီးယားလိဂ်ရပ်တည်မှုကတော့ အဆင့်(၁၅)သာဖြစ်ပါတယ်။ ယူရိုပါလိဂ်နဲ့ လိဂ်ဖလားမှာ အောင်မြင်မှုရယူနိုင်မလားဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပေမဲ့ အကြမ်းဖျင်းသုံးသပ်ရရင်တော့ အားရစရာမရှိပါဘူး။ ဆာဂျင်မ်ရက်ကလစ်ဖ်က ရေတိုအောင်မြင်မှုကို မျှော်မှန်းထားပုံလည်း မရပါဘူ။ သူက မန်ယူအသင်းရဲ့ ကွင်းတွင်းစွမ်းဆောင်ရည်ကို ဦးစားပေးဖြေရှင်းရမယ့် ပြဿနာအဖြစ် ယူဆထားပုံလည်း မရပါဘူး။ သူက ဂလေဇာမိသားစုရဲ့ မှားယွင်းခဲ့တဲ့ စီမံခန့်ခွဲမှုတွေကို ပြန်လည်ပြင်ဆင်ပြီး အသင်းရဲ့ ကွင်းပြင်ပအလုံးစုံ ယိုယွင်းပျက်စီးနေမှုကို အမြန်ဆုံးဖြေရှင်းဖို့ ရည်ရွယ်နေပါတယ်။ နှစ်(၂၀)ဝန်းကျင်ရှိပြီဖြစ်တဲ့ ဂလေဇာမိသားစုရဲ့ ဦးဆောင်မှုအောက်မှာ မန်ယူအသင်းက ကြွေးမြီတွေ တနင့်တပိုးရှိနေတဲ့အပြင် အခုနောက်ပိုင်းရာသီတွေမှာ အရှုံးပေါ်မှုတွေလည်း ဆက်တိုက်လိုလို ဖြစ်နေပါတယ်။ အကြွေးက ပေါင်သန်း(၇၀၀)ကျော်ရှိနေပြီး နောက်ဆုံး(၃)နှစ်အတွင်းမှာ ပေါင်သန်း(၃၀၀)ကျော် အရှုံးပေါ်ထားပါ တယ်။ ဒီရာသီအတွက် ဒုတိယအကြိမ် (၃)လတာ ဘဏ္ဍာရေးရှင်းတမ်းမှာလည်း ပေါင်သန်း(၃၀)နီး ပါးအရှုံးပေါ်ထားပါတယ်။ ဒါကြောင့်လည်း ဆာဂျင်မ်ရက်ကလစ်ဖ်က ငွေကြေးယိုပေါက်တွေကို ဘက်ပေါင်းစုံကနေ ပိတ်ဆို့ဖို့ အသည်းအသန်ကြိုး ပမ်းနေတာပါ။ အချိန်ယူဖြေရှင်းမယ်ဆိုရင် လှုပ်လေမြုပ်လေ ဖြစ်သွားနိုင်တာကြောင့် သူက အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်းတွေကို သုံးစွဲနေတယ်လို့လည်း ဆိုနိုင်ပါတယ်။

စွပ်ပြုတ်နဲ့ ဆင်းဝစ်ချ်
ဒီတော့ မန်ယူပရိသတ်တွေကြားမှာ ဆာဂျင်မ်ရက်ကလစ်ဖ်က ဟီးရိုးမဆန်ဘဲ ဗီလန်ဆန်ခဲ့ပါတယ်။ ဂန္ထဝင်နည်းပြ ဖာဂူဆန်ကို နတ်နေကိုင်းလို သဘောမထားဘဲ သံတမန်အဖြစ် လစာပေးနေတာကို အဆုံးသတ်ဖို့ ဆုံးဖြတ်လိုက်တာကတော့ ဆာဂျင်မ်ရက်ကလစ်ဖ်ရဲ့ ဗီလိန်အဆန်ဆုံး လုပ်ဆောင်ချက်လို့ ဆိုရမှာပါပဲ။ ဒီအတွက် ဝေဖန်သံတွေ ပွက်ပွက်ညံသွားခဲ့ပြီး ဒါတော့ မလုပ်သင့်ပါဘူးလို့ အပြစ်တင်သူတွေလည်း အများကြီးရှိခဲ့ပါတယ်။ ပရိသတ်တွေနဲ့ ထိပ်တိုက်တွေ့တဲ့ နောက် ထပ်လုပ်ဆောင်မှုတစ်ခုကတော့ ရာသီအလယ် ကာလကြီးမှာ လက်မှတ်ဈေးနှုန်းမြှင့်တင်လိုက်တာပါ။ ဆာဂျင်မ်ရက်ကလစ်ဖ်က အသုံးစရိတ်တွေ လျှော့ချရင်း ဝင်ငွေတိုးအောင်လည်း လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ လက်မှတ်ဈေးနှုန်းက အနည်းဆုံး (၆၅%)လောက်အထိ မြင့်တက်သွားခဲ့တာကြောင့် ပရိသတ်တွေက "မင်းတို့ရဲ့ အကြွေးက ငါတို့နဲ့ ဘာမှမဆိုင်"ဆိုတဲ့သဘောရတဲ့ စာတန်းတွေနဲ့ ဆန့်ကျင်ဆန္ဒပြခဲ့ကြတာကိုလည်း တွေ့ရပါတယ်။ ဆာဂျင်မ်ရက်ကလစ်ဖ်ကတော့ မန်ယူအသင်းရဲ့ လက်မှတ်ဈေးနှုန်းကို မြှင့်တင်ခဲ့ပေမဲ့ ဖူလ်ဟမ်အသင်းရဲ့ လက်မှတ်ဈေးနှုန်းလောက်တောင် မများသေးပါဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။ နတ်နေကိုင်းကိုတောင် ချန်မထားတဲ့ ဆာဂျင်မ်ရက်ကလစ်ဖ် ဝန်ထမ်းတွေ လျှော့ချပစ်တာကတော့ သိပ်မဆန်းတော့ပါဘူး။ သူက ပြီးခဲ့တဲ့နှစ်အတွင်း မန်ယူအ သင်းရဲ့ ဝန်ထမ်း(၂၅၀)ကို လျှော့ချခဲ့ပါတယ်။ ၂၀၂၄ ဇွန်လအထိ စာရင်းအရ မန်ယူအသင်းမှာ ဝန်ထမ်း(၁၁၄၀)ရှိတယ်လို့ BBC က ဖော်ပြခဲ့ပါ တယ်။ အခု နောက်ထပ်ဝန်ထမ်း(၂၀၀) ထပ်လျှော့ ချဖို့ စီစဉ်နေတာကြောင့် စုစုပေါင်းဝန်ထမ်း(၄၅၀)၊ ရာခိုင်နှုန်းအားဖြင့် (၃၉%)အထိ လျှော့ချပစ်မယ့် အစီအစဉ်ဖြစ်တယ်လို့လည်း သုံးသပ်ခဲ့ပါတယ်။ ဒီအတွက် မန်ယူအသင်းရဲ့နည်းပြ အာမိုရင်မ်ကတော့ သူတို့ရဲ့ အပြစ်မကင်းပါဘူးလို့ ဝမ်းနည်းစွာ ဖွင့်ဟပါတယ်။ မန်ယူအသင်းသာ အောင်မြင်မှုတွေ ရရှိပြီး ဝင်ငွေတွေ ကောင်းမွန်အောင် စွမ်းဆောင်နိုင်ခဲ့မယ်ဆိုရင် ဝန်ထမ်းတွေ အခုလောက် လျှော့ချခံရမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ အာမိုရင်မ်က အခုလိုမျိုး စာနာစိတ်နဲ့ ပြောကြားခဲ့ပေမဲ့ ဆာဂျင်မ်ရက်ကလစ်ဖ်ကတော့ ပြတ်သားတဲ့ နှလုံးသားနဲ့အတူ ရှေ့ဆက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း သူချမှတ်လိုက်တဲ့ အသုံးစရိတ်လျှော့ချရေး ညွှန်ကြားချက်ကတော့ ငိုရအခက် ရယ်ရအခက် တောင်ဖြစ်သွားခဲ့ပါတယ်။ အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ ဖွင့်လှစ်ထားတဲ့ ကန်တင်းတွေမှာ ဝန်ထမ်းတွေကို နေ့လယ်စာ အခမဲ့စားသုံးခွင့်မပြုတော့ဘဲ အသီးအနှံတွေသာ ကျွေးတော့မှာဖြစ်ကြောင်းနဲ့ ကာရင်တန်လေ့ကျင့်ရေးကွင်းက ဝန်ထမ်းတွေကိုလည်း စွပ်ပြုတ်နဲ့ ဆင်းဝစ်ချ်သာ ကျွေးတော့မှာ ဖြစ်ကြောင်းပါ။ ဒီအစီအစဉ်က မတ်လ(၁)ရက် စတင်မှာဖြစ်ပြီး ဒီလိုလုပ်ဆောင်ခြင်းကြောင့် ကုန်ကျ စရိတ်တစ်နှစ် ပေါင်(၁)သန်း သက်သာမယ်လို့ ဆာဂျင်မ်ရက်ကလစ်ဖ်က တွက်ထားပါတယ်။ သူက အကွက်စေ့စေ့နဲ့ လုပ်ဆောင်နေတာဖြစ်ပေမဲ့ ထင်ရာစိုင်းသလို ဖြစ်နေတာလည်း အမှန်ပါပဲ။ ပရိသတ်တွေကတော့ မကြာသေးခင်က ချပြထားတဲ့ အမှတ်ပေးချန်ပီယံဆု (၂၁)ကြိမ်မြောက်ရရှိရေး ဆိုတဲ့ Mission 21 အမြန်ဆုံးအကောင်အထည် ဖော်နိုင်ဖို့၊ ခမ်းနားထည်ဝါတဲ့ ကွင်းသစ်ကြီး အမြန်ဆုံးပိုင်ဆိုင်ခွင့်ရရှိဖို့ကိုသာ လိုလားနေကြတာပါ။ ဒါပေမဲ့ အသင်းရဲ့ဝင်ငွေထွက်ငွေ ဟန်ချက်ညီစေဖို့အတွက် အသင်းက ကစားသမားကောင်းတချို့ကို ဆုံးရှုံးရနိုင်တဲ့အန္တရာယ်ရှိနေတယ်လို့လည်း ဗြိတိန်မီဒီယာတွေက သုံးသပ်ဖော်ပြနေကြပါတယ်။ အသင်းရဲ့ လက်ရှိလူစာရင်းကး ထပ်အားဖြည့်ဖို့ လိုအပ်နေတာကြောင့် လာမယ့်နွေရာသီဈေးကွက်မှာ မန်ယူအသင်း ဘယ်လိုပြင်ဆင်ဆောင်ရွက်မလဲဆိုတာကလည်း စိတ်ဝင်စားစရာကောင်းနေပါတယ်။ အဲဒီအချိန်မှာ ဆာဂျင်မ်ရက်ကလစ်ဖ်က အသုံးစရိတ်လျှော့ချဖို့ကိုပဲ ဦးစားပေးနေမှာလား၊ ဆုဖလားအောင်ပွဲတွေအတွက်ပါ ရင်းနှီးမြှုပ်နှံပေးမှာလားဆိုတာ အဖြေပေါ်လာဖို့ ရှိနေပါတယ်။ ဗီလိန်ဆန်နေတဲ့ ဆာဂျင်မ်ရက်ကလစ်ဖ်ကို ပိုပြီးဗီလိန်ဆန်တဲ့ လုပ်ဆောင်မှုတွေနဲ့အတူ မြင်တွေ့ရဦးမလားဆိုတာကိုတော့ . . . ။

မူရင်းသတင်း — Eleven Media Group