
ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်ခ်က အက်သလက်တီကိုအသင်းနှင့် သရေကျခဲ့ခြင်းအတွက် အသင်း၏ခံစစ်ပိုင်းကို အပြစ်တင်ပြောကြားခဲ့သည်။
ဘာစီလိုနာအသင်းသည် ဖေဖော်ဝါရီ (၂၅) ရက်က ကစားခဲ့သည့် စပိန်ဘုရင့်ဖလားဆီမီးဖိုင်နယ်ပထမအကျော့ အိမ်ကွင်းတွင် အက်သလက်တီကိုအသင်းကို (၄-၂)ဂိုးဖြင့်ဦးဆောင်နေပြီးမှ ပွဲအပြီးတွင် (၄-၄) ဂိုးဖြင့် သရေကျခဲ့ခြင်းဖြစ်သည်။
ဘာစီလိုနာအသင်းသည် အဆိုပါပွဲစဉ်တွင် ပွဲအစ (၆) မိနစ်မှာပင် အက်သလက်တီကိုအသင်းကို (၂) ဂိုးပေးခဲ့ရသော်လည်း ပွဲချိန် (၇၄) မိနစ်တွင် (၄-၂)ဂိုးဖြင့်ပြန်လည်ဦးဆောင်နိုင်ခဲ့သည်။
သို့သော် ဘာစီလိုနာအသင်းသည် အနိုင်ရလဒ်ကိုထိန်းနိုင်ခြင်းမရှိဘဲ ပွဲပြီးခါနီးတွင် အက်သလက်တီကိုအသင်းကို (၂)ဂိုးပြန်ပေးခဲ့ရကာ ပွဲအပြီးတွင် (၄-၄) ဂိုးဖြင့် သရေကျခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်ခ်သည် ပွဲအပြီးတွင် အသင်း၏ခံစစ်ပိုင်းကို အပြစ်တင်ခဲ့ပြီး ယခုထက်ပိုကောင်းအောင်လုပ်ဆောင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဟန်ဆီဖလစ်ခ်က ''ကျွန်တော်တို့အနေနဲ့ ခံစစ်ပိုင်းအတွက် အလုပ်လုပ်ဖို့ လိုပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီပွဲမှာ အကောင်းဆုံးကစားနိုင်ခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော်တို့အသင်းက (၄) ဂိုးတောင် ပေးခဲ့ရတယ်။ ဒါက အရမ်းကို များပါတယ်။ (၀-၂) ဂိုးနဲ့ ရှုံးနိမ့်နေချိန်မှာ ကျွန်တော်တို့အသင်းရဲ့ စိတ်ဓာတ်နဲ့ ခံယူချက်က အံ့သြစရာကောင်းလောက်အောင်ကို ကောင်းခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ အသေးစိတ်အချက်အလက်တွေကိုကြည့်ဖို့ အလုပ်လုပ်ဖို့ လိုပါတယ်။ ဒီပွဲမှာ ပွဲချိန် (၇၅) မိနစ်အထိ ကျွန်တော်တို့ ခံစစ်က အကောင်းဆုံးလုပ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီနောက်ပိုင်းမှာတော့ ခံစစ်က ပြိုဆင်းသွားခဲ့တာပါ။ စတုတ္ထဂိုးပေးလိုက်ရတာကို ကျွန်တော် အတော်လေး မကျေမနပ်ဖြစ်မိပါတယ်။ အဲဒီအတွက် ကျွန်တော်တို့ စကားပြောရမှာပါ''ဟု ပြောကြားခဲ့သည်။
သို့သော် ဟန်ဆီဖလစ်ခ်က အဆိုပါပွဲမှ အသင်း၏စွမ်းဆောင်မှုကို (၉၅) ရာခိုင်နှုန်းအထိ ကျေနပ်ကြောင်း ပြောကြားခဲ့သည်။
''ဒီပွဲမှာ အရေးအကြီးဆုံးက အသင်းရဲ့စွမ်းဆောင်မှုပါပဲ။ အထူးသဖြင့် လူငယ်တွေ ခြေစွမ်းပြခဲ့တာကြောင့် အနာဂတ်အတွက် ယုံကြည်မှုပိုရှိပါတယ်။ ဒီပွဲက အသင်းရဲ့စွမ်းဆောင်မှုအတွက် (၉၅) ရာခိုင်နှုန်းအထိ ကျေနပ်ပါတယ်''ဟု ဟန်ဆီဖလစ်ခ်က ပြောကြားခဲ့သည်။