Eleven Media Group

ဖက်ရှင်ကမ္ဘာထဲ ဝင်လာမှာလား အယ်လစ်ရှာ (Life)

Photo : X

အမျိုးသမီးဘောလုံးလောကမှာ ခရိုအေးရှားကစားသမား အန်နာမာရီယာမာကိုဗစ်ကို အလှဆုံးလို့ ညွန်းဆိုကြသလို၊ ဆွစ်ဇာလန်ကစားသမား အယ်လစ်ရှာလေမန်းကို ဆွဲဆောင်မှုအရှိဆုံးလို့ တင်စားကြပါတယ်။ အလှအပဆိုင်ရာ စံနှုန်းတွေက တစ်ဦးနဲ့တစ်ဦး မတူညီကြတာကြောင့် သူတို့ထက် ပိုလှတဲ့သူ၊ ဆွဲဆောင်မှုပိုရှိတဲ့သူတွေ ရှိပါသေးတယ်လို့ ထောက်ပြမှုတွေလည်း ရှိနိုင်ပါတယ်။

အမျိုးသမီးဘောလုံးလောကမှာ ခရိုအေးရှားကစားသမား အန်နာမာရီယာမာကိုဗစ်ကို အလှဆုံးလို့ ညွန်းဆိုကြသလို၊ ဆွစ်ဇာလန်ကစားသမား အယ်လစ်ရှာလေမန်းကို ဆွဲဆောင်မှုအရှိဆုံးလို့ တင်စားကြပါတယ်။ အလှအပဆိုင်ရာ စံနှုန်းတွေက တစ်ဦးနဲ့တစ်ဦး မတူညီကြတာကြောင့် သူတို့ထက် ပိုလှတဲ့သူ၊ ဆွဲဆောင်မှုပိုရှိတဲ့သူတွေ ရှိပါသေးတယ်လို့ ထောက်ပြမှုတွေလည်း ရှိနိုင်ပါတယ်။ အငြင်းမပွားချင်ပါဘူး။ ကမ္ဘာ့ဘောလုံးအဖွဲ့ ချုပ်(ဖီဖာ)ရဲ့ စစ်တမ်းကောက်ယူမှုအရ လက်ရှိအချိန်မှာ ဘောလုံးကစားသမားနေတဲ့ အမျိုးသမီးပေါင်း (၂၉)သန်းလောက်ရှိနေတာကြောင့် သူတို့ထက် လှတဲ့သူတွေ ရှိနေနိုင်တာပေါ့။ ဒါပေမဲ့ လက် ရှိယှဉ်ပြိုင်ကစားနေတဲ့ ပရော်ဖက်ရှင်နယ်အဆင့်အတန်းနဲ့ ကျော်ကြားထင်ရှားမှုအရ အန်နာမာကိုဗစ်နဲ့ အယ်လစ်ရှာလေမန်းတို့က သူတို့ရဲ့အလှအပ၊ သူတို့ရဲ့ ဆွဲဆောင်မှုတွေကြောင့် ပုရိသပရိသတ်တွေကြား မသိသူမရှိလောက်အောင် ဖြစ်နေတယ် ဆိုတာကိုတော့ ငြင်းနိုင်ကြမယ် မထင်ပါဘူး။

အခု ပြောပြချင်တာက အယ်လစ်ရှာလေမန်းရဲ့အကြောင်းပါ။ သူမက အသက်(၂၆)နှစ်ရှိပါပြီ။ ဂျူဗင်တပ်စ်အမျိုးသမီးအသင်းမှာ ကစားနေပါတယ်။ သူ့ချစ်သူကလည်း ဂျူဗင်တပ်စ်အမျိုးသား အသင်းက ဘရာဇီးလ်ကွင်းလယ်ကစားသမား ဒူးဂလပ်စ်လူးဝစ်ဇ်ပါ။ ဒူးဂလပ်စ်လူးဝစ်ဇ် ဆိုတဲ့အမည်နဲ့ တွဲပြောလိုက်ရင်တော့ အယ်လစ်ရှာလေမန်းဆိုတာ သူပါလားလို့ သိသွားကြမှာပါ။ သူတို့နှစ်ဦးက ပရိသတ်တွေကြားမှာ လူသိများတဲ့ ဘောလုံးမောင်နှံ ဖြစ်နေတာကြောင့်ပါပဲ။ နှစ်ဦးစလုံးမှာ အက်စတွန်ဗီလာအသင်းမှာကစားစဉ် ချစ်ကြိုးသွယ်ခဲ့ကြတာဖြစ်ပြီး ပြီးခဲ့တဲ့ နွေရာသီမှာမှ ဂျူဗင်တပ်စ်အသင်းကို အတူတူပြောင်းရွှေ့ခဲ့ကြတာပါ။ ဒူးဂလပ်စ်လူးဝစ်ဇ်က ဂျူဗင်တပ်စ်နဲ့ အပြောင်းအရွှေ့ကိစ္စ ဆွေးနွေးညှိနှိုင်းကြတဲ့အခါ ချစ်သူ အယ်လစ်ရှာကိုပါ ခေါ်ယူပေးရမယ်လို့ တောင်းဆိုခဲ့တာကလည်း ရိုမန်တစ်ဆန်လွန်းခဲ့ပါတယ်။ မခွဲနိုင်မခွာရက် ချစ်ကြသူတွေပေါ့။ ဒုတိယအကြိမ် ပြန်လည်ချည်နှောင်ခဲ့တဲ့ ကြိုးတွေဖြစ်တာကြောင့် မမြဲမြံမှာကို စိုးရိမ်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။

တကယ်တော့ အယ်လစ်ရှာလေမန်းက လိင်တူလိင်ကွဲ နှစ်မျိုးစလုံးကို ချစ်တတ်သူပါ။ သူက ဆွစ်ဇာလန်အမျိုးသမီးလက်ရွေးစင်အသင်းဖော် ရာမိုနာဘတ်ချ်မန်းနဲ့ တွဲခဲ့ဖူးပါတယ်။ တစ်ဦးက ချယ်လ်ဆီး၊ တစ်ဦးက ဝက်စ်ဟမ်းမှာ ကစားပြီး လန်ဒန်ဒါဘီချစ်သူတွေအဖြစ်လည်း ထင်ရှားခဲ့ပါသေးတယ်။ လိင်တူကိုသာ စုံမက်တဲ့ ရာမိုနာဘတ်ချ်မန်းက အခုတော့ အခြားတစ်ယောက်နဲ့ လက်ထပ်သွားခဲ့ပါပြီ။ အယ်လစ်ရှာကတော့ ဆန့် ကျင်ဘက်လိင်စစ်စစ်ရဲ့ ရင်ခွင်ထဲ ကူးပြောင်းခိုလှုံ ခဲ့တယ်ဆိုပါတော့။ အယ်လစ်ရှာနဲ့ ဒူးဂလပ်စ်လူးဝစ်ဇ်တို့ ချစ်သူဖြစ်ပြီး သိပ်မကြာခင် ၂၀၂၂ မှာ ကတောက်ကဆဖြစ်ပြီး ခဏတာလမ်းခွဲပြတ်စဲခဲ့ကြပါသေးတယ်။ ဒါပေမဲ့ လပိုင်းအတွင်းမှာပဲ ပြန်လက်တွဲခဲ့ကြပြီး အခုတော့ အချစ်တတ်ဆုံးဘော လုံးမောင်နှံတွေထဲက တစ်တွဲအဖြစ် ရပ်တည်နေကြတာပါ။ အယ်လစ်ရှာက ဆွဲဆောင်မှုရှိတဲ့ အလှပဂေး ဘောလုံးသမားလေးဖြစ်တာကြောင့် သူ့ကို အားပေးဝန်းရံနေကြတဲ့ အမျိုးသားဘောလုံးပရိသတ်တွေ အများကြီးပါပဲ။ Instagram မှာ သူ့ကို Follow လုပ်ထားတဲ့ ပရိသတ် (၁၆.၇)သန်းရှိပါတယ်။ ဒီတော့ အီတလီက အဝတ်အစားကုမ္ပဏီ Tezenis က အယ်လစ်ရှာကို အတွင်းခံကြော်ငြာအတွက် ကမ်းလှမ်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ Valrntine's Day မှာ Tezenis အဝတ်အထည်တွေနဲ့ လှချင်တိုင်းလှနေတဲ့ပုံတွေကို အယ်လစ်ရှာက သူ့ Instagram မှာ တင်ခဲ့ပါတယ်။ Like (၇)သိန်းနီးပါးရရှိခဲ့တာကြောင့် အယ်လစ်ရှာ တအားပျော်သွားခဲ့ပါတယ်။ ကင်မရာရှေ့မှာ အမြဲယုံကြည်မှုရှိတဲ့ အကြောင်းနဲ့ အဲဒီလို အလှဓာတ်ပုံတွေ ရိုက်ရတာကိုလည်း ပျော်တယ်လို့ ဝန်ခံခဲ့ပါတယ်။ ဒါကြောင့်လည်း အယ်လစ်ရှာအနေနဲ့ ဖက်ရှင်ကမ္ဘာထဲ ရောက်လာနိုင်တယ်လို့ ထင်ကြေးပေးမှုတွေ ထွက်ပေါ်လာခဲ့တာပါ။ ဘောလုံးကြယ်ပွင့်အဖြစ် လင်းလက်ရင်း ဖက်ရှင်မယ်တစ်ယောက်အဖြစ် အယ်လစ်ရှာ တောက်ပခွင့်ရလာမလားဆိုတာကိုတော့ . . . ။

မူရင်းသတင်း — Eleven Media Group