Eleven Media Group

ဖာဒီနန် သတ်ပစ်ချင်ဖူးတဲ့ ကစားသမားတစ်ဦးအကြောင်း

Photo : Daily Mail

မာရီယိုဘာလိုတယ်လီအကြောင်း ပြောပါဆိုရင် မိတ်ဆွေ ဘယ်လိုတုံ့ပြန်မလဲ။ အင်္ဂလန်ကို သူ ရောက်တော့အသက် ၂၀ ပြည့်ပြီးခါစပဲရှိသေးတယ်။ ဇာတ်လမ်းလေးတစ်ပုဒ် မှတ်မိနေပါသေးတယ်။ မန်စီးတီးရဲ့ လေ့ကျင့်ရေးကွင်းဟောင်းမှာ မက်ဆီနဲ့ စီရော်နယ်လ်ဒိုအကြောင်းပြောတော့ ဘာလိုတယ်လီက "ကျွန်တော်လည်း သူတို့လောက် ကောင်းပါတယ်"လို့ ခပ်ရဲရဲပြောလိုက်တယ်။ သူ့စကားဆုံးချိန်မှာ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားတယ်။ သူ့မျက်နှာကို ကြည့်လိုက်တော့ တကယ်အတည်ကြီး ပြောနေတယ်ဆိုတာ သိသာတယ်။ သူက တစ်မူကွဲပြားသူပါ။ မက်ဆီနဲ့ စီရော်နယ်လ်ဒိုလို ဖြစ်လာနိုင်မယ့်အခွင့်အရေးရှိခဲ့တယ်လို့ ဘာလိုတယ်လီ ယုံကြည်နေတုန်းပဲ။

မာရီယိုဘာလိုတယ်လီအကြောင်း ပြောပါဆိုရင် မိတ်ဆွေ ဘယ်လိုတုံ့ပြန်မလဲ။ အင်္ဂလန်ကို သူ ရောက်တော့အသက် ၂၀ ပြည့်ပြီးခါစပဲရှိသေးတယ်။ ဇာတ်လမ်းလေးတစ်ပုဒ် မှတ်မိနေပါသေးတယ်။ မန်စီးတီးရဲ့ လေ့ကျင့်ရေးကွင်းဟောင်းမှာ မက်ဆီနဲ့ စီရော်နယ်လ်ဒိုအကြောင်းပြောတော့ ဘာလိုတယ်လီက "ကျွန်တော်လည်း သူတို့လောက် ကောင်းပါတယ်"လို့ ခပ်ရဲရဲပြောလိုက်တယ်။ သူ့စကားဆုံးချိန်မှာ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားတယ်။ သူ့မျက်နှာကို ကြည့်လိုက်တော့ တကယ်အတည်ကြီး ပြောနေတယ်ဆိုတာ သိသာတယ်။ သူက တစ်မူကွဲပြားသူပါ။ မက်ဆီနဲ့ စီရော်နယ်လ်ဒိုလို ဖြစ်လာနိုင်မယ့်အခွင့်အရေးရှိခဲ့တယ်လို့ ဘာလိုတယ်လီ ယုံကြည်နေတုန်းပဲ။ သူ့ပါရမီသူ အရည်ဖျော်မိခဲ့လို့လည်း ဘာလိုတယ်လီ နောင်တရနေလေရဲ့။ "မက်ဆီနဲ့ စီရော်နယ်လ်ဒိုလို အဆင့်အတန်းမျိုး ရောက်နိုင်မယ့် အခွင့်အရေးကောင်းတ ချို့ကို ကျွန်တော် ဖြုန်းတီးပစ်မိတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ အရည်အသွေးဟာ သူတို့နှစ်ဦးနဲ့ ထပ်တူ ထပ်မျှဆိုတာ ရာနှုန်းပြည့်ယုံကြည်ပါတယ်။ အခုတော့ ကျွန်တော်က စီရော်နယ်လ်ဒိုလောက်ကောင်းတယ်ဆိုပြီး ပြောရင် ငပေါကြီးဖြစ်သွားမှာပေါ့။ ဟုတ်တယ်မဟုတ်လား။ သူက Ballon d'Or ငါးကြိမ် ရထားသူလေ။ သူနဲ့ မက်ဆီကို ဘယ်သူမှမယှဉ် နိုင်ပါဘူး။ သူတို့ရဲ့ အရည်အသွေးနဲ့ ပတ်သက်ပြီး မနာလိုဖြစ်စရာအကြောင်းမရှိပါဘူး" လို့ ဘာလိုတယ်လီ ပြောခဲ့တယ်။

ရယ်စရာတော့ ကောင်းနေမယ်ထင်ပါရဲ့။ မက်ဆီနဲ့ စီရော်နယ်လ်ဒိုလို ပါရမီမျိုး ရှိတယ်လို့ ဝင့်ကြွားခဲ့သူဟာ ဘာမှဖြစ်မလာဘဲ ရပ်တန့်ခဲ့တယ်။ မန်စီးတီးကို သိပ်စွာတဲ့ချာတိတ်လေးအဖြစ် ရောက်လာတော့ သူ့ပတ်ဝန်းကျင်မှာ ဘယ်ရီ၊ မီလ်နာ၊ နီဂျယ်လ်ဒီယွန်း၊ တီဗက်ဇ်၊ ဂျိုးဟတ်၊ ဒေးဗစ်ဆေးလ်ဗား၊ ဂျက်ကို၊ ယာယာတိုရေး၊ ကွန်ပနီနဲ့ အဂွဲရိုးတို့ ရှိနေတယ်။ သူတို့အားလုံး အရွယ်ကောင်းတွေမှာ မန်စီးတီးအမှုတော်ကို ရွပ်ရွပ်ချွံချွံ ထမ်းခဲ့ကြတယ်။ မန်စီးတီးတစ်ခေတ်ရဲ့ ပိုင်အိုနီးယားတွေအဖြစ် အသိအမှတ်ပြုခံရပေမဲ့ ဘာလိုတယ်လီကျတော့ လူပြက်တစ်ဦးလို ဆက်ဆံခံရတယ်။ အလားအလာရှိပေမဲ့ တလွဲတွေ လုပ်လွန်းလို့ ပြဿနာကောင်အဖြစ် သတ်မှတ်ခံရတယ်။ အဲဒီတုန်းက အကြောင်းအရာတွေကို အခုနေပြန်ပြောရင် ဘာလိုတယ်လီက အဖေတစ်ယောက်သားကို ဆုံးမသလိုမျိုး ပြောလေ့ရှိတယ်။ "မန်စီးတီးကနေ ထွက်ခွာတာဟာ ကျွန်တော့်ရဲ့ အကြီးမားဆုံးအမှားပါ" လို့ ဘာလိုတယ်လီ ဝန်ခံတယ်။ တကယ်လည်း နှမြောစရာကောင်းတယ်။ မန်စီးတီးကနေ ထွက်ခွာပြီးနောက် မီလန်မှာ သူ အဆင်ပြေခဲ့ပါတယ်။ အဲဒီနောက်ပိုင်းကျမှ သူ့ရဲ့ ကစားသမားဘဝဟာ ပြဿနာသံပတ်တွေလည်ပြီးရင်း လည်နေခဲ့တယ်။ "အခုဆိုရင် ကျွန်တော် အိုသွားပါပြီ။ မန်စီးတီးကနေ ကျွန်တော် မထွက်သင့်ပါဘူး။ မန်စီးတီးက တစ်နှစ်ပြီးတစ်နှစ် တိုးတက်ပြီးရင်း တိုးတက်တာကြည့်ပြီး အဂွဲရိုးလိုမျိုး နှစ်အကြာကြီး နေခဲ့ရမှာလို့ နောင်တရမိတယ်" ဆိုပြီး ဘာလိုတယ်လီ မချင့်မရဲ ပြောလိုက်တယ်။

တကယ်လို့များ အခုအသက်အရွယ်စိတ်ထားမျိုးနဲ့ မန်စီးတီးမှာဆက်နေမယ်ဆိုရင် Ballon d'Or ဆုတောင် ရနိုင်တယ်လို့ ဘာလိုတယ်လီ အရွှန်းဖောက်တယ်။ မန်စီးတီးက တခြားကစားသမားတွေလိုပဲ သူ့မှာ ထူးကဲအရည်အသွေးတွေ ရှိနေတယ်။ ယာယာတိုရေးက ယာယာတိုရေး၊ အဂွဲရိုးက အဂွဲရိုး၊ မာရီယိုက မာရီယို၊ သူ့အရသာနဲ့ သူပေါ့။ မာရီယိုရဲ့ ထူးကဲအရသာဟာ ဘာများဖြစ်မလဲ။ ခံစစ်ကစားသမားတွေ ပြင်းပြင်းထန်ထန်ဖိအားပေး ထားချိန်မှာ လှလှပပ ရုန်းထွက်ပြတာပါပဲ။ သူ့ရဲ့ အဆုံးသတ်စွမ်းရည်ဟာ တစ်ခါတလေမှာ မုန်တိုင်းလို၊ ယုံကြည်စိတ်မြင့်မားမှုနဲ့ ကျွမ်းကျင်မှု ပေါင်းစပ်ထားတယ်။ မန်စီးတီးရဲ့ ခေတ်တစ်ခေတ်အစ ပရီးမီးယားလိဂ်အောင်ပွဲမှာ ဘာလိုတယ်လီအတွက် အမှတ်ရစရာအကောင်းဆုံး အခိုက်အတန့်ဟာ QPR နဲ့ပွဲမှာ အဂွဲရိုး ဂိုးသွင်းနိုင်အောင် ဖန်တီးပေးခဲ့တာပါပဲ။ အဲဒီရာသီမှာ သူ့ရဲ့တစ်ခုတည်းသော ဂိုး ဖန်တီးမှုပါပဲ။ ဒါပေမဲ့ ဘယ်တော့မှ မေ့မရနိုင်မယ့် အရာမျိုး။ "အရိုးသားဆုံးပြောရရင် ကျွန်တော်တို့ ချန်ပီယံဖြစ်မယ်ဆိုတာရာနှုန်းပြည့်မသေချာပါဘူး။ ကျွန်တော်တို့အသင်းက အံ့အားသင့်ဖွယ်ကောင်းတာ ကျွန်တော် သိပါတယ်။ ကစားသမားကောင်းတွေနဲ့ လက်တွဲခွင့်ရတယ်ဆိုတာလည်း သိပါတယ်။ ဒါပေမဲ့ သိပ်ကောင်းတဲ့ ပြိုင်ဘက်တွေရှိနေပါတယ်။ အထူးသဖြင့် မန်ချက်စတာယူနိုက်တက်ပေါ့။ လူအများစုက QPR ကို ခပ်လွယ်လွယ်နိုင်မယ်လို့ ထင်ခဲ့ကြတာ၊ တကယ်တော့ သူတို့က ကျွန်တော်တို့ကို လွယ်လွယ်နဲ့ အလျှော့မပေးခဲ့ဘူး" လို့ ဘာလိုတယ်လီ ပြန်ပြောပြတယ်။ မန်စီးတီးကို မရောက်မီ အင်တာမီလန်ကစားသမားဘဝတုန်းက ချန်ပီယံလိဂ်နဲ့ စီးရီးအေချန်ပီယံဆုတွေ ဆွတ်ခူးပြီးသား၊ ဒါပေမဲ့ QPR အောင်ပွဲဟာ ဘာလိုတယ်လီစိတ်ထဲ အဲဒီအရာတွေထက် ပိုပြီးခမ်းနားသလိုပဲ။ ချန်ပီယံလိဂ်ဆိုတာ ဘောလုံးလောကရဲ့ ဂုဏ်သိက္ခာအရှိဆုံးဆုဖလားဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ မထင်မှတ်ထားတဲ့အနေအထားကနေ ချန်ပီယံအောင်ပွဲ ပိုင်ဆိုင်ခွင့်ရတာ ပိုပြီးစိတ်လှုပ်ရှားရတယ်။ ဘယ်တော့မှ ပြန်မရမယ့် စိတ်လှုပ်ရှားမှုမျိုးပဲ။

ဘာလိုတယ်လီရဲ့ Why Always Me စာသားဟာ ဘောလုံးလောကရဲ့ အပြင်ဘက်အထိ အားကောင်းမောင်းသန် ကူးစက်ပျံ့နှံ့ခဲ့တယ်။ အိုးလ်ထရက်ဖို့ဒ်မှာ ခြောက်ဂိုးတစ်ဂိုးနဲ့ မန်စီးတီးအနိုင်ရတဲ့ပွဲမှာ သူက Why Always Me စာသားပါ တီရှပ်ကိုပြသပြီး အောင်ပွဲခံတယ်။ ပြီးတော့ နောက်ထပ် အမှတ်ရစရာကောင်းတာဟာ ယူနိုက်တက်နဲ့ အက်ဖ်အေဖလားဆီမီးဖိုင်နယ်ပွဲပဲ။ ပွဲရှုံးလို့ ဒေါသထွက်နေတဲ့ ယူနိုက်တက်ကစားသမားတွေကြားထဲ ဘာခံစားချက်မှ မရှိတဲ့မျက်နှာပေးနဲ့ ရန်စခဲ့တာ၊ ဖာဒီနန်က "အဲဒီကောင်ကို ကျွန်တော်သတ်ပစ်ချင်လိုက်တာ" ဆိုပြီး ဝန်ခံဖူးတယ်။ အဲဒီဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး မေးကြည့်တော့ ဘာလိုတယ်လီက "ကျွန်တော် မသိဘူး။ ဘာလို့လုပ်မိမှန်းမသိဘူး" လို့ ပြောတယ်။

ဘာလိုတယ်လီရဲ့ စိတ်ထဲ လူအများစုဟာ သူ့ခြေစွမ်းကို သဘောကျတယ်ဆိုတာ ခိုင်မာစွာ ယုံကြည်နေတယ်။ ဘာလိုတယ်လီနဲ့ ပတ်သက်ရင် တချို့ဖြစ်ရပ်တွေဟာ ပုံကြီးချဲ့ခံရ၊ တချို့ဖြစ်ရပ်တွေဟာ ဖန်တီးခံရ၊ လူတွေဟာ သတင်းတွေကို အငမ်းမရစားသုံးလာတဲ့အခါ ၊ တချို့ဟာ သတင်းလူသားအဖြစ် ပုံသွင်းခံလာရပေါ့။ ဘာလိုတယ်လီကိုလည်း အင်္ဂလိပ်မီဒီယာတွေဟာ သတင်းလူသားအဖြစ် ဖန်တီး၊ ပုံသွင်းခဲ့ပါတယ်။ "သတင်းစာတွေဟာ ဇာတ်လမ်းတွေ ဖန်တီးတယ်။ လူတွေက သတင်းတွေကို အငမ်းမရဆာလောင်တဲ့အခါ အမြဲတမ်းလိုလို ဇာတ်လမ်းတွေ ဖန်တီးရတော့တာပဲ။ သူတို့က ဒါကို ခင်ဗျားလုပ်တယ်ဆိုရင် လုပ်တယ်ဆိုပြီး လက်ခံလိုက်တော့ပဲ။ တစ်ခါတလေ ကျွန်တော် အိမ်မှာရှိနေချိန်လည်း ဘယ်ကလပ်ရောက်နေပါပြီဆိုပြီး ဇာတ်လမ်းဖန်တီးတတ်တယ်။ ကျွန်တော်က ခင်ဗျား တို့ထင်ထားတာထက် အေးဆေးတည်ငြိမ်ပါတယ်။ ဒါပေမဲ့ လူတွေက ကျနော့်ရဲ့ တလွဲအပိုင်းကိုပဲ ပိုစိတ်ဝင်စားကြတယ်။ ကျွန်တော် ကအမြဲတမ်း ဆိုးသွမ်းနေသူမဟုတ်ပါဘူး။ ကျွန်တော်နဲ့ပတ်သက်လို့လူအများစုသိထားတဲ့အဖြစ်အပျက် အတော်များ များဟာ အမှန်မဟုတ်ပါဘူး" လို့ ဘာလိုတယ်လီ ရင်ဖွင့်ခဲ့တယ်။

အင်္ဂလန်မှာ ကျင်လည်ခဲ့တဲ့ သုံးနှစ်တာကာလအတွင်း ဘာလိုတယ်လီနဲ့ ပတ်သက်တဲ့ နေ့စဉ် ဇာတ်လမ်းမျိုးစုံ ရှိခဲ့ပါတယ်။ အဲဒီနေ့စဉ်မရိုးနိုင်တဲ့ ဇာတ်လမ်းတွေကြောင့် လေ့ကျင့်ခန်းကောင်းကောင်း မဆင်းနိုင်ခဲ့ဘူး။ ဖုန်းဆက်မေးလာသူတွေအတွက် ကိုယ့်အကြောင်းကိုယ် အာပေါက်မတတ်ရှင်းပြခဲ့ရတယ်။ တစ်ခါတလေတော့လည်း အရွဲ့တိုက်ပြီး ရှင်းပြမနေတော့ဘူး။ ထင်ချင်ရာထင်ဆိုပြီး ဘာလိုတယ်လီ လွှတ်ပေးထားလိုက်တယ်။ သူ့ မိသားစုက သူ ဘယ်လိုလူစားမျိုးလဲဆိုတာ သိရင်ပြီးတာပဲ။ ကျန်တာ ဂရုမစိုက်ဘူးလို့ တွေးခဲ့ပါတယ်။ အခုနေများ အဲဒီအချိန်တွေ ပြန်ရမယ်ဆိုရင် ဇာတ်လမ်းတွေ ဖန်တီးတာရပ်ပါတော့ဆိုပြီး သူ တောင်းဆိုမိလိမ့်မယ်။ သူ့ဘဝအပြောင်းအလဲ၊ သူ့ စိတ်အထားအသို အပြောင်းအလဲအတွက် အရေးပါတဲ့အရာဟာ ရင်သွေးတွေပါပဲ။ ရင်သွေးတွေ ပိုင်ဆိုင်ပြီးနောက် သူဟာ တာဝန်ယူမှုဆိုတဲ့စကားလုံးအကြောင်း ပိုပြီးနားလည်ခဲ့ပြီ။ ရင်သွေးတွေ ပိုင်ဆိုင်ပြီးနောက် သူ့စိတ်ဟာ ပိုပြီးတည်ငြိမ်ခဲ့ပြီ၊ ပိုပြီးငြိမ်းချမ်းခဲ့ပြီ။

မန်စီးတီးနည်းပြဟောင်း မန်စီနီဟာ ဘာလိုတယ်လီနှစ်ကိုယ်ခွဲနဲ့ ကြုံတွေ့ခဲ့ရသူပါပဲ။ လူငယ်ဘ၀ ရွှန်းဝေမျှော်လင့်ချက်တွေနဲ့ ဘာလိုတယ်လီကို မန်စီနီ မြင်ခဲ့ဖူးသလို၊ ဘာလိုတယ်လီရဲ့ Dark Side ကိုလည်း ကောင်းကောင်းခံစားခဲ့ရသူ မဟုတ်လား။ အီတလီနဲ့ပတ်သက်ရင်လည်း ဘာလိုတယ်လီဆီမှာ အတိတ်လှလှလေး ရှိခဲ့ဖူးပါရဲ့။ ယူရို-၂၀၁၂ မှာ ဂျာမနီဘက် နှစ်ဂိုးသွင်းခဲ့တာ၊ ဂိုးသွင်းပြီးတော့ ဝတ်ထားတဲ့ အင်္ကျီကို ချွတ်၊ လွှင့်ပစ်ပြီး ခပ်တည်တည်ကြီးအောင်ပွဲခံခဲ့တာ၊ သွင်းဂိုးတွေအတွက် ချီးကျူးရသလို၊ အောင်ပွဲခံဟန်အတွက် လူပြောချင်စရာဖြစ်ရတာ၊ အဲဒီလိုမြင်ကွင်းဟာ မန်စီနီမြင်ဖူးတဲ့ ဘာလိုတယ်လီ နှစ်ကိုယ်ခွဲ၊ ကျွန်တော်တို့ အားလုံး မြင်ဖူးတဲ့ ဘာလိုတယ်လီ နှစ်ကိုယ်ခွဲကိုအကောင်းဆုံးသရုပ်ဖော်ခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group