
မန်ယူနည်းပြ အာမိုရင်မ်က အသင်းဝန်ထမ်းများ အလုပ်မှ ထုတ်ပယ်ခံရနေခြင်းမှာ အသင်း၏စွမ်းဆောင်ရည် မကောင်းခြင်းကြောင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
မန်ယူအသင်းသည် ရှယ်ယာအနည်းစုပိုင်ရှင် ဆာဂျင်မ်ရက်ကလစ်ဖ်နှင့် INEOS လက်ထက်တွင် အသုံးစရိတ်ကို လျှော့ချသည့်အနေဖြင့် ဂန္ထဝင်နည်းပြ ဖာဂူဆန်ကို အသင်း၏ကမ္ဘာလုံးဆိုင်ရာ သံတမန်အဖြစ်မှ ဖယ်ရှားခဲ့သလို၊ ပြီးခဲ့သည့်နှစ်က ဝန်ထမ်း (၂၅၀) ကို အလုပ်မှ ထုတ်ပယ်ခဲ့သည်။
သို့သော် မန်ယူအသင်းသည် ပြီးခဲ့သည့် (၅) ရာသီအတွင်း ပေါင်သန်း (၃၇၀) အရှုံးပေါ်ခဲ့ရာ ဘဏ္ဍာရေးအကျပ်အတည်းနှင့် ရင်ဆိုင်နေရပြီး အသုံးစရိတ်ထပ်မံလျှော့ချသည့်အနေဖြင့် ဝန်ထမ်း (၂၀၀) ဦးကို အလုပ်မှ ထပ်မံထုတ်ပယ်မည် ဟု ဖေဖော်ဝါရီ (၂၄) ရက်(တနင်္လာနေ့)က ကြေညာခဲ့သည်။
မန်ယူအသင်း၏ဘဏ္ဍာရေးအကျပ်အတည်းမှာ ကွင်းတွင်းစွမ်းဆောင်မှုနှင့် ဆက်စပ်နေပြီး ယခုရာသီ ပရီးမီးယားလိဂ်တွင် ရလဒ်များဆိုးရွားနေသဖြင့် လာမည့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရရန်အတွက် ယူရိုပါလိဂ်တွင် ဗိုလ်စွဲရန်သာ ကြိုးပမ်း ရတော့မည်ဖြစ်သည်။
မန်ယူအသင်းဝန်ထမ်းများအနေဖြင့် အလုပ်အကိုင်ဆုံးရှုံးနေခြင်းမှာ ကွင်းအတွင်း အောင်မြင်မှုနှင့် သက်ဆိုင်သလားဟု မေးမြန်းရာ အသင်းနည်းပြ အာမိုရင်မ်က ''ဟုတ်ပါတယ်။ ဒါက ထင်ရှားပါတယ်။ အသင်းမှာ ဖြစ်နေတဲ့ ပြဿနာတွေကို ကျွန်တော်တို့ ရှာရမယ်။ ဒါပေမဲ့ အရေးကြီးတာက လက်ရှိမှာ အသင်းရဲ့အခြေအနေကို နားလည်ဖို့ပါပဲ။ မန်ယူအသင်းမှာ ကျွန်တော်တို့က အင်ဂျင်ဖြစ်ပြီး ကြီးမားတဲ့အောင်မြင်မှုတွေ မရတာ ကြာပါပြီ။ ကျွန်တော်ကတော့ အသင်းနဲ့ ကစားသမားတွေကို တိုးတက်အောင် ကူညီချင်ပါတယ်။ ဒါက ကျွန်တော့်အလုပ်ပါ။ အခုက အားလုံးအတွက် ခက်ခဲပါတယ်။ ဒီအလုပ်က ခက်ခဲပါတယ်။ ပြီးတော့ ဒီနှစ်က အားလုံးအတွက် ခက်ခဲပါတယ်''ဟု ပြောကြားခဲ့သည်။
ဆာဂျင်မ်ရက်ကလဖ်စ်သည် မန်ယူဝန်ထမ်းများကို နေ့လယ်စာ မကျွေးတော့သလို၊ လန်ဒန်ရှိ အသင်း၏ရုံးခွဲကိုလည်း ဖယ်ရှားပစ်ခဲ့ကြောင်း သိရှိရသည်။