Eleven Media Group

မော်ရင်ဟို မီးမြှင့်ပေးနေတဲ့ တူရကီဘောလုံး

Photo : X

ပေါ်တူဂီနာမည်ကျော်နည်းပြ မော်ရင်ဟိုက ထင်မှတ်မထားဘဲ တူရကီစူပါလိဂ်ကလပ် ဖီနာဘာချီအသင်းကို ရောက်လာခဲ့တယ်။ Mind Game ကို ကောင်းစွာအသုံးချလေ့ရှိတဲ့ မော်ရင်ဟိုနဲ့ သွေးဆူလွယ်တဲ့ တူရကီဘောလုံးတို့ ပေါင်းစည်းမှုက စိတ်ဝင်စားစရာကောင်းခဲ့တာတော့ အမှန်ပါပဲ။ အခု ဖီနာဘာချီအသင်းနဲ့ မော်ရင်ဟို လက်တွဲခဲ့တာ (၈)လတိုင်ခဲ့ပြီ။ ကွင်းအတွင်းရလဒ်ပိုင်းတွေကတော့ အသင်းအလိုရှိသလောက် ဖြစ်မလာသေးဘူး။ အစ္စတန်ဘူလ်မြို့ခံပြိုင်ဘက် ဂါလာတာစာရေးနောက်ကပဲ တောက်လျှောက်လိုက်နေရတယ်။

ပေါ်တူဂီနာမည်ကျော်နည်းပြ မော်ရင်ဟိုက ထင်မှတ်မထားဘဲ တူရကီစူပါလိဂ်ကလပ် ဖီနာဘာချီအသင်းကို ရောက်လာခဲ့တယ်။ Mind Game ကို ကောင်းစွာအသုံးချလေ့ရှိတဲ့ မော်ရင်ဟိုနဲ့ သွေးဆူလွယ်တဲ့ တူရကီဘောလုံးတို့ ပေါင်းစည်းမှုက စိတ်ဝင်စားစရာကောင်းခဲ့တာတော့ အမှန်ပါပဲ။ အခု ဖီနာဘာချီအသင်းနဲ့ မော်ရင်ဟို လက်တွဲခဲ့တာ (၈)လတိုင်ခဲ့ပြီ။ ကွင်းအတွင်းရလဒ်ပိုင်းတွေကတော့ အသင်းအလိုရှိသလောက် ဖြစ်မလာသေးဘူး။ အစ္စတန်ဘူလ်မြို့ခံပြိုင်ဘက် ဂါလာတာစာရေးနောက်ကပဲ တောက်လျှောက်လိုက်နေရတယ်။ ပြီးခဲ့တဲ့တနင်္လာနေ့က ဒီနှစ်သင်းကြား အစ္စတန်ဘူလ်ဒါဘီပွဲ ကစားခဲ့ပြီး ဖီနာဘာချီအသင်းက (၆)မှတ်ကွာအနေအထားကို လျှော့ချဖို့ ကြိုးပမ်းခဲ့တယ်။ ပွဲကတော့ ဂိုးမရှိသရေနဲ့ပဲ ပြီးသွားပေမဲ့ နောက်ဆက်တွဲပြဿနာတွေက မပြီးဆုံးသေးဘူး။ အစောပိုင်းကတည်းက ပြိုင်ဆိုင်မှုပြင်းထန်တဲ့ အစ္စတန်ဘူလ်ဒါဘီဟာ မော်ရင်ဟိုရောက်လာမှ ပိုမြင့်တက်လာတဲ့ သဘောရှိတယ်။ မော်ရင်ဟိုက ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ သူ့ပုံစံအတိုင်း ထေ့ငေါ့ငေါ့တွေ ပြောခဲ့တယ်။ ပြိုင်ဘက်အသင်း အရန်ခုံတန်းက နည်းပြအဖွဲ့ဝင်တွေနဲ့ ကစားသမားတွေကို "မျောက်တွေ ခုန်နေသလိုပဲ"လို့ ပြောတယ်။ တူရကီဒိုင်လူကြီးတွေကို ထပ်မံထိုးနှက်ခဲ့တယ်။ ဂါလာတာစာရေးအသင်းကတော့ မော်ရင်ဟိုကို လူမျိုးရေးခွဲခြားမှုစွဲချက်နဲ့ တရားစွဲဆိုမယ်လို့ ထကြေညာခဲ့တယ်။ ဒါ့အပြင် FIFA၊ UEFA နဲ့ တူရကီဘောလုံးအဖွဲ့ချုပ်တွေထံကိုလည်း ဒီဖြစ်စဉ်ကို ကန့်ကွက်လွှာပေးပို့သွားမယ်လို့ ခြိမ်းခြောက်ခဲ့တယ်။

မော်ရင်ဟိုကတော့ သူ့အပေါ် စွပ်စွဲချက်တွေ နဲ့ပတ်သက်ပြီး ဒေါသထွက်နေတယ်လို့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။ ဒါ့အပြင် သူ့အား စွပ်စွဲချက်တွေကို ဥပဒေကြောင်းအရ တုံ့ပြန်ဖို့လည်း စဉ်းစားနေတယ်။ "တူရကီစူပါလိဂ်၊ တူရကီဒိုင်လူကြီးတွေ၊ တူရကီနိုင်ငံနဲ့ပတ်သက်ပြီး ဂျိုဆေးမော်ရင်ဟိုရဲ့ပြောစကားတွေဟာ တူရကီမှာ စတင်လာအလုပ်ကတည်းက စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာခဲ့ပါတယ်"လို့ ဂါလာတာစာရေးအသင်း ဘုတ်အဖွဲ့ဝင် ကန်နာတန်က ပြောခဲ့တယ်။ ဂါလာတာစာရေးရဲ့စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး ဖီနာဘာချီအသင်း ဒုဥက္ကဋ္ဌက"ရာနှုန်းပြည့် လူမျိုးရေးခွဲခြားမှု မဟုတ်ပါဘူး။ ဒီအခြေအနေမှာ ခြယ် လှယ်နိုင်ဖို့ သူတို့ ကြိုးစားနေတာမျိုးပါပဲ"လို့ တုံ့ ပြန်ခဲ့တယ်။ အစ္စတန်ဘူလ်ဒါဘီကို ဆလိုဗေးနီးယားဒိုင်လူကြီး ဆလက်ကိုဗင်ချစ်ကို ကိုင်တွယ်ခိုင်းခဲ့တာဖြစ်တယ်။ ဒါကလည်း နှစ်သင်းစလုံးရဲ့ တောင်းဆိုမှုဖြစ်ပြီး တူရကီဒိုင်လူကြီးကို တာဝန်ပေးရင် အငြင်းပွားစရာတွေ ဖြစ်လာနိုင်လို့ လိဂ်အဖွဲ့ချုပ်ကလည်း လက်ခံခဲ့တာပါ။ မော်ရင်ဟိုက ပွဲအပြီးမှာ ဖီနာဘာချီကစားသမားတစ်ဦးမျှ အစောပိုင်း အဝါကတ်မပြလို့ ကျေးဇူးတင်ခဲ့တယ်လို့ ပြောခဲ့ပြီး ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်တွေအပေါ် ဂါလာတာစာရေးက များစွာလွှမ်းမိုးထားတယ်လို့ ယူဆနေဆဲပါပဲ။ ဒါ့အပြင် စတုတ္ထဒိုင်လူကြီး တူရကီနိုင်ငံသားသာ ဒီပွဲကိုကိုင်တွယ်ရင် ကပ်ဘေးတစ်ခု ကျရောက်တာပဲလို့ ဝေဖန်ခဲ့တယ်။ ဖီနာဘာချီ နည်းပြသက်တမ်းတိုအတွင်းမှာတောင် မော်ရင်ဟိုက အငြင်းပွားစရာ မှတ်ချက်အမျိုးမျိုး ပေးခဲ့ပါတယ်။ တူရကီဒိုင်လူကြီးတွေရဲ့အဆင့်အတန်းကို သိခဲ့ရင် ဖီနာဘာချီနည်းပြအလုပ်ကို လက်ခံခဲ့မှာမဟုတ်ဘူးလို့ ပြောတဲ့ဟာတွေလည်း ပါဝင်ပါတယ်။

တူရကီဘောလုံးက မော်ရင်ဟို မရောက်ခင်ကတည်းကပဲ ပြဿနာပေါင်း သောင်းခြောက်ထောင် ရှိခဲ့တယ်။ ပရမ်းပတာဖြစ်နေတာကလည်း အတော်ကြာနေပြီ။ ပြီးခဲ့တဲ့ရာသီက ကလပ်အသင်း ဥက္ကဋ္ဌက ကွင်းထဲထိဝင်ရောက်ပြီး ဒိုင်လူကြီးကို တိုက်ခိုက်ခဲ့တယ်။ အသင်းနှစ်သင်းက ပွဲဆက်မကစားဘဲ ကွင်းထဲက ထွက်သွားတယ်။ ဒီရာသီမှာလည်း တစ်သင်းက အလားတူ လုပ်ဆောင်ခဲ့ပြန်တယ်။ အစ္စတန်ဘူလ်ဒါဘီပွဲအပြီးမှာ ဂါလာတာ စာရေးအသင်းနည်းပြ ဘူရွတ်ခ်က မော်ရင်ဟိုရဲ့ နာမည်ကျော် " The Special One" ကို လှောင် ပြောင်ပြီး "The Crying One" လို့ သုံးနှုန်းခဲ့တယ်။ ဒီလိုလှောင်ပြောင်မှုတွေက တူရကီဘောလုံးမှာ စာမဖွဲ့တော့ဘူး။ ကလပ်အသင်းတွေရဲ့ လှုမှုကွန်ရက်စာမျက်နှာတွေကနေ ပြောင်ပြောင်တင်းတင်းတိုက်ခိုက်နေကြတာဟာ ဖြစ်ရိုး ဖြစ်စဉ်တစ်ခုလို တွေ့နေရတယ်။ ဘောလုံးကျွမ်းကျင်သူကလည်း တူရကီဘောလုံးလောကရဲ့ လက်ရှိအခြေအနေကို ပြောင်းလဲဖို့ဆိုတာ ရုတ်ချည်းလုပ်မရဘဲ ကာလကြာရှည် လုပ်ဆောင်သွားရမယ်လို့ သုံးသပ်ခဲ့တယ်။ ဒီလိုအနေအထားမှာ မော်ရင်ဟို ရောက်လာတာက နဂိုကတည်းကမှ ရှုပ်ထွေးပွေလီနေတဲ့ ဘောလုံးလောကကို မီးစာမြှင့်ပေးလိုက်သလိုပါပဲ။ မော်ရင်ဟိုက အအောင်မြင်ဆုံး နည်းပြတွေထဲက တစ်ဦးဖြစ်ပြီး ဆုဖလားများစွာလည်း သိမ်းပိုက်နိုင်ခဲ့တယ်။ တစ်ဖက်မှာလည်း ပြိုင်ဘက်တွေကို စကားလုံးစစ်ပွဲ ဆင်နွှဲပြီး Mind Game ကစားတတ်သူပါ။ သူ့ရဲ့နည်းလမ်းက ဒိုင်လူကြီးတွေ၊ နည်းပြတွေ၊ ကစားသမားတွေ၊ ဘောလုံးတာဝန်ရှိသူတွေကို သာသာနဲ့နာနာ ထိုးနှက်မယ်။ ဒါက သူတစ်လျှောက်လုံး ကျင့်သုံးခဲ့တဲ့ ကွင်းပြင်ပ ဗျူဟာပါပဲ။ တူရကီရောက်တော့ ပတ်ဝန်းကျင်အနေအထားလိုက်ပြီး မော်ရင်ဟိုရဲ့တုံ့ပြန်မှုတွေက Mind Game ထက်တောင် ပြောလို့မရတော့ဘူး။ ပြောင်ပြောင်တင်းတင်းပဲ ထိုးနှက်တိုက် ခိုက်မှုပုံစံကိုတောင် ပြောင်းလာနေတယ်။ သေချာတာကတော့ မော်ရင်ဟို ရောက်လာချိန်မှာ တူရကီဘောလုံးက ပိုမြင့်တဲ့ ရေဆူအမှတ်ကို ရောက်လာတာပါပဲ။ လက်ကျန်ရာသီမှာလည်း ဘာတွေ ထပ်ဖြစ်လာဦး မလဲဆိုတာကို စောင့်ကြည့်ဖို့ပဲ ရှိပါတော့တယ် . . .

မူရင်းသတင်း — Eleven Media Group