
အင်တာမိုင်ယာမီအသင်းခေါင်းဆောင် မက်ဆီသည် နယူးယောက်စီးတီးနှင့်ပွဲအပြီးတွင် ပြိုင်ဘက်လက်ထောက်နည်းပြကို လည်ပင်းညှစ်ခဲ့ခြင်းအတွက် မေဂျာလိဂ်(MLS)၏ ဒဏ်ငွေပြစ်ဒဏ်ချမှတ်ခြင်းကို ခံခဲ့ရကြောင်း သိရှိရသည်။
ဖေဖော်ဝါရီ (၂၂) ရက်က ကစားခဲ့သည့် မေဂျာလိဂ်ပွဲစဉ် အင်တာမိုင်ယာမီ (၂-၂) နယူးယောက်စီးတီးပွဲမှာ ပွဲကြမ်းတစ်ပွဲဖြစ်ခဲ့ပြီး ကွင်းအတွင်း ပြိုင်ဘက်နှစ်သင်းမှ ကစားသမားအကြား တင်းမာမှုများရှိခဲ့ပြီး ပွဲအပြီးတွင် အချင်းများခဲ့ကြခြင်းဖြစ်သည်။
မက်ဆီသည် အဆိုပါပွဲအပြီးတွင် နယူးယောက်စီးတီးအသင်းလက်ထောက်နည်းပြ ဘယ်လူချီနှင့် အချင်းများခဲ့ပြီး ယင်းနောက် ၎င်း၏လည်ပင်းကို လက်ဖြင့် ညှစ်ခဲ့ခြင်းဖြစ်သည်။
ယခုအခါ ယင်းလုပ်ရပ်အတွက် MLS က မက်ဆီကို ဒဏ်ငွေပြစ်ဒဏ် ချမှတ်ခဲ့ခြင်းဖြစ်ပြီး ပမာဏကိုမူ ဖော်ပြခဲ့ခြင်းမရှိပေ။
မက်ဆီ၏ အင်တာမိုင်ယာမီအသင်းဖော်ဖြစ်သူ ဆွာရက်ဇ်မှာလည်း မက်ဆီကဲ့သို့ ဖြစ်ရပ်မျိုးအတွက် ဒဏ်ငွေပြစ်ဒဏ်ချမှတ်ခံခဲ့ရကြောင်း သိရှိရသည်။
ဆွာရက်ဇ်သည် အဆိုပါပွဲစဉ် ပထမပိုင်းကစားနေစဉ်အတွင်း နယူးယောက်စီးတီးနောက်ခံကစားသမား ဘရစ်ရီဆာနှင့် အချင်းများခဲ့ပြီး ၎င်း၏လည်ပင်းကို ညှစ်ခဲ့ခြင်းဖြစ်သည်။
ယင်းအတွက် MLS က ဆွာရက်ဇ်ကိုလည်း ဒဏ်ငွေချမှတ်ခဲ့ခြင်းဖြစ်သည်။