
လီဗာပူးလ်အသင်းပရိသတ်များသည် အသင်းကို နှုတ်ဆက်သည့် ဆာလာ၏ အင်တာဗျူးထွက်ပေါ်လာပြီးနောက် ယခုရာသီကုန်တွင် အသင်းမှ ဆာလာ ထွက်ခွာသွားမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။
အီဂျစ်ဝါရင့်တိုက်စစ်ကစားသမား ဆာလာ(၃၂ နှစ်)သည် ယခုရာသီတွင် လီဗာပူးလ်အတွက် အဓိကခြေစွမ်းပြနေသူဖြစ်သည်။
သို့သော် ဆာလာ၏လက်ရှိစာချုပ်မှာ ယခုရာသီကုန်တွင် ကုန်ဆုံးမည်ဖြစ်ပြီး လီဗာပူးလ်အသင်းက ၎င်းကို စာချုပ်သစ်ချုပ်ဆိုရန်ကြိုးပမ်းနေသော်လည်း ယခုအချိန်ထိ သဘောတူညီမှု မရသေးကြောင်း သိရှိရသည်။
ယခုအခါ ဆာလာသည် TNT Sports နှင့်အင်တာဗျူးတွင် လီဗာပူးလ်ကို နှုတ်ဆက်သည့် ပုံစံမျိုး ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဆာလာက ''ပရိသတ်တွေအနေနဲ့ ကျွန်တော့်ကို သူတို့အတွက် အစွမ်းကုန်ပေးဆပ်ခဲ့သူအဖြစ် မြင်စေချင်ပါတယ်။ ဒီမြို့အတွက် အရာအားလုံးကို ကျွန်တော် ပေးဆပ်ခဲ့တာပါ။ လီဗာပူးလ်ပရိသတ်တွေအနေနဲ့ ဆာလာဟာ လီဗာပူးလ်မှာ (၈)နှစ် ကစားခဲ့ပြီး အသင်းအတွက် အစွမ်းကုန်ပေးဆပ်ခဲ့တယ်လို့ ကျွန်တော့်ကို သတိရစေချင်ပါတယ်''ဟု ပြောကြားခဲ့သည်။
ယင်းအင်တာဗျူး ထွက်ပေါ်လာပြီးနောက် လီဗာပူးလ်ပရိသတ်များက ယခုရာသီကုန်တွင် အသင်းမှ ဆာလာ ထွက်ခွာမည်ကို စိုးရိမ်ကြောင်း X တွင် ရေးသားခဲ့ကြသည်။