Eleven Media Group

အာမိုရင်မ်အား ရာထူးမှ ထုတ်ပယ်မည်ဆိုပါက မန်ယူအသင်း ပေါင်သန်း (၂၀) လျော်ကြေး ပေးရမည်

Photo: X

မန်ယူအသင်းအနေဖြင့် အသင်းနည်းပြ အာမိုရင်မ်အား ရာထူးမှထုတ်ပယ်မည်ဆိုပါက ပေါင်သန်း (၂၀) လျော်ကြေးပေးရမည်ဖြစ်ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြနေကြသည်။
မန်ယူအသင်းသည် ယခုရာသီတွင် ရလဒ်များဆိုးရွားနေခြင်းကြောင့် အသင်းနည်းပြ တန်ဟက်ဂ်ကို ရာထူးမှထုတ်ပယ်ခဲ့ပြီး စပို့တင်းလစ္စဘွန်းအသင်းနှင့် နာမည်ရလာသည့် ပေါ်တူဂီလူငယ်နည်းပြ အာမိုရင်မ်အား အစားထိုးခန့်အပ်ခဲ့သည်။
သို့သော် အာမိုရင်မ်လက်ထက်တွင် မန်ယူအသင်းမှာ တိုးတက်လာခြင်းမရှိဘဲ ရလဒ်ပိုင်းဆိုးရွားနေပြီး ယခုရာသီ ပရီးမီးယားလိဂ်တွင် အဆင့် (၁၄) နေရာအထိ ရောက်ရှိနေသည်။
လက်ရှိအချိန်တွင် မန်ယူအသင်းတာဝန်ရှိသူများသည် နည်းပြ အာမိုရင်မ်အား ထောက်ခံနေဆဲဖြစ်ကြောင်း သိရသည်။
သို့သော် မန်ယူအသင်းသည် အသင်းနည်းပြရာထူးအတွက် ဘာစီလိုနာနည်းပြဟောင်း ဇာဗီနှင့် ဆက်သွယ်မှုများရှိနေကြောင်း သတင်းများထွက်ပေါ်နေသည်။
ယခုအခါ ဗြိတိန်မီဒီယာများက မန်ယူအသင်းအနေဖြင့် ၂၀၂၄ နိုဝင်ဘာလကမှ အသင်းနည်းပြအဖြစ် ခန့်အပ်ခဲ့သည့် အာမိုရင်မ်အား ရာထူးမှထုတ်ပယ်မည်ဆိုပါက ငွေကြေးများစွာ ကုန်ကျနိုင်ကြောင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။
အာမိုရင်မ်သည် မန်ယူအသင်းနှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပြီး မန်ယူအသင်းအနေဖြင့် ၎င်းကို ရာထူးမှထုတ်ပယ်မည်ဆိုပါက ပေါင် (၁၂)သန်းနှင့် ၎င်း၏နည်းပြအဖွဲ့ကိုပါ ရာထူးမှထုတ်မည်ဆိုပါက ပေါင်သန်း (၂၀) အထိ ကုန်ကျနိုင်ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group