
လီဗာပူးလ်အသင်းနည်းပြ အာနယ်ဆလော့က ပရီးမီးယားလိဂ်ချန်ပီယံဆုထက် PSG အသင်းနှင့်ကစားရမည့် ချန်ပီယံလိဂ်ပွဲအကြောင်းကိုသာ စဉ်းစားနေကြောင်း တုံ့ ပြန်ပြောကြားသည်။
ဖေဖော်ဝါရီ ၂၆ ရက်က ယှဉ်ပြိုင်ကစားသည့် ပရီးမီးယားလိဂ်ပွဲစဉ် ၂၇ တွင် လီဗာပူးလ်အသင်းက နယူးကာဆယ်အသင်းအား အိမ်ကွင်း၌ (၂-၀) ဂိုးဖြင့် အနိုင်ရပြီး ဒုတိယနေရာမှ အာဆင်နယ်အသင်းမှာမူ တတိယနေရာမှ နော်တင်ဟမ်အသင်းနှင့် အဝေးကွင်း၌ ဂိုးမရှိသရေကျခဲ့သည်။
ထို့ကြောင့် လီဗာပူးလ်အသင်းက ၂၈ ပွဲကစား၊ ၆၇ မှတ်ရရှိထားပြီး အာဆင်နယ်အသင်းအား တစ်ပွဲပို၊ ၁၃ မှတ်ဖြတ်၍ ဦးဆောင်ထားနိုင်ပြီဖြစ်သည်။
ယင်းပွဲအပြီးတွင် ပရီးမီးယားလိဂ်ချန်ပီယံဆုနှင့် နီးစပ်လာပြီဟုလား မေးမြန်းမှုအပေါ် အာနယ်ဆလော့က ''ဒီနှစ်ပွဲ (နယူးကာဆယ်၊ မန်စီးတီး) မှာ ကျွန်တော်အထင်အကြီးဆုံးအရာက စိတ်ဓာတ်ခွန်အားပဲလို့ထင်တယ်။ ဘာလို့လဲဆိုတော့ အဲဗာတန်၊ ဝုလ်ဗ်တို့နဲ့ပွဲအပြီးမှာ လူတွေက ကျွန်တော်တို့ကို မေးခွန်းထုတ်လာကြလို့ပါ။ ဒါပေမဲ့ လူ ၁၀ ယောက်မှာ ရှစ်ယောက်ဆီက ချီးကျူးစကားတွေ အများကြီးရရင်တော့ နည်းနည်းကျေနပ်ပါတယ်။ တစ်စုံတစ်ဦးကတော့ အောင်မြင်မှုကိုမရစေချင်ပါဘူး။ အဲဒီ ၁၀ ယောက်မှာ နှစ်ယောက်ရဲ့ စိတ်ဓာတ်ကို ဒီညမှာ တွေ့ခဲ့ရပါတယ်။ သူတို့ (နယူးကာဆယ်) က ပိုပြီးခက်ခဲစေမယ့်အရာတစ်ခုကို ရှာတွေ့သွားပါတယ်။ ကျွန်တော်တို့က ပြည့်စုံမှုမရှိပါဘူး။ ပုံမှန်လုပ်နေကျထက် ရိုးရှင်းတဲ့ဘောလုံးတွေ ဆုံးရှုံးခဲ့တယ်လို့ ကျွန်တော်ထင်တယ်။ ဒါပေမဲ့ စိတ်ပိုင်းဆိုင်ရာကတော့ ထပ်ပြီးကောင်းလာခဲ့တယ်။ ချန်ပီယံဆုအကြောင်းကို မတွေးထားလို့ ကျွန်တော်မသိပါဘူး။ PSG အကြောင်းကိုပဲ စဉ်းစားနေပြီလို့ ကျွန်တော်ထင်တယ်။ သူတို့ စီးတီးနဲ့ကစားတာကို ကျွန်တော်ကြည့်ထားပါတယ်။ သူတို့ မှာရှိတဲ့ အရည်အသွေးကို ကျွန်တော်သဘောကျပါတယ်။ သူတို့ကလည်း ကျွန်တော်တို့လိုပဲ သွားနေတာလို့ထင်တယ်။ သူတို့က အချိန်အကြာကြီးနေမှ တစ်ပွဲလောက်ရှုံးခဲပါတယ်။ သူတို့က တကယ်ကောင်းနေတာမို့ PSG ကိုပဲ ကျွန်တော်အာရုံစိုက်ထားပါတယ်။ ဆောက်သမ်တန်နဲ့ မကစားခင်အထိ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ကျွန်တော်မေ့ထားမှာပါ'' ဟု တုံ့ပြန်ဖြေကြားခြင်းဖြစ်သည်။