Eleven Media Group

ဆိုစီဒက်အသင်းပရိသတ်များက ရီးယဲလ်နောက်ခံလူ အဆန်စီယိုကို ''သေလိုက်'' ဟု အော်နေသဖြင့် ပွဲခေတ္တရပ်နားခဲ့ရ

Photo: X

ဆိုစီဒက်-ရီးယဲလ်မက်ဒရစ် စပိန်ဘုရင့်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်တွင် အိမ်ရှင်အသင်းပရိသတ်များက ရီးယဲလ်အသင်းနောက်ခံလူ အဆန်စီယိုကို '' သေလိုက်'' ဟု အော်ဟစ်လှောင်ပြောင်နေသဖြင့် ပွဲအား ခေတ္တရပ်နားခဲ့ရကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂၆ ရက်က ယှဉ်ပြိုင်ကစားသည့် ယင်းပွဲစဉ်တွင် ဧည့်သည်ရီးယဲလ်အသင်းက အဝေးကွင်း၌ (၁-၀) ဂိုးဖြင့် အနိုင်ရပြီး တစ်လုံးတည်းသော အနိုင်ဂိုးကို ဘရာဇီးလူငယ်တိုက်စစ်ကစားသမား အန်ဒရစ်က ၁၉ မိနစ်တွင် သွင်းယူပေးခဲ့သည်။
ဆိုစီဒက်အသင်း ပရိသတ်များသည် ရီးယဲလ်အသင်း၏ စပိန်နောက်ခံလူ အဆန်စီယို (၂၂ နှစ်) ကို '' သေလိုက်'' ဟု အော်ဟစ်လှောင်ပြောင်နေကြောင်း အသင်းခေါင်းဆောင် ဗင်နီစီယပ်စ်က ဒိုင်လူကြီးအား အသိပေးပြောကြားပြီးနောက် ပထမပိုင်းမပြီးမီ ပွဲအား ခေတ္တရပ်နားခဲ့ခြင်းဖြစ်သည်။
ထို့နောက် ကွင်းအတွင်းရှိ ဖန်သားပြင်ပေါ်တွင် ''လူမျိုးရေးခွဲခြားမှု၊ တစ်ဖက်စောင်းနင်းအားပေးမှု၊ သည်းမခံနိုင်သောရွတ်ဆိုမှု မလုပ်ကြပါနဲ့။ ကိုယ့်အသင်းကို အားပေးပါ။ ပြိုင်ဘက်အသင်းကို လေးစားမှုရှိပါ'' ဆိုသည့်စာသားကို အသိပေး ဖော်ပြထားသလို စပီကာဖြင့်လည်း ဖတ်ပြခဲ့ကြောင်း သိရသည်။
ယင်းဖြစ်ရပ်ကြောင့် အဆန်စီယိုမှာ ပထမပိုင်းအပြီးတွင် ဗက်ဇ်ကေးနှင့် လူစားလဲခံခဲ့ရသည်။
အဆန်စီယိုသည် အရွယ်မရောက်သေးသူ အမျိုးသမီးတစ်ဦးပါဝင်သည့် လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းဗီဒီယိုကို ဖြန့်ချိရာတွင် ပါဝင်မှုဖြင့် စစ်ဆေးခံနေရသောကြောင့် ဆိုစီဒက်အသင်းပရိသတ်များက ၎င်းအား ရည်ရွယ်လှောင်ပြောင်ခြင်းဖြစ်ဖွယ်ရှိသည်။

မူရင်းသတင်း — Eleven Media Group