Eleven Media Group

လူစားလဲခံရပြီးနောက် အဝတ်လဲခန်းသို့ တန်းဝင်သွားသည့် ဂါနာချိုနှင့် စကားပြောရမည်ဟု အာမိုရင်မ် ဆို

Photo: Sky Sports

မန်ယူအသင်းနည်းပြ အာမိုရင်မ်က အစ်ဝစ်ချ်အသင်းနှင့်ပွဲတွင် လူစားလဲခံရပြီးနောက် အရန်ခုံသို့မသွားဘဲ အဝတ်လဲခန်းသို့တန်းဝင်သွားသည့် ဂါနာချိုနှင့် စကားပြောရမည်ဟု ပွဲအပြီးတွင် ပြောကြားသည်။
မန်ယူအသင်းသည် ဖေဖော်ဝါရီ ၂၆ ရက်က ယှဉ်ပြိုင်ကစားသည့် ပရီးမီးယားလိဂ် ပွဲစဉ် ၂၇ တွင် တန်းဆင်းဇုန်အတွင်းမှ အစ်ဝစ်ချ်အသင်းကို အိမ်ကွင်း၌ (၃-၂) ဂိုးဖြင့် အနိုင်ရခဲ့သည်။
ယင်းပွဲတွင် ဘယ်ခြမ်းWing-back အဖြစ် ကစားခဲ့သူ ဒေါ်ဂူမှာ ပထမပိုင်း ၄၃ မိနစ်မှာပင် တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခံရသောကြောင့် အာမိုရင်မ်က တောင်ပံကစားသမား ဂါနာချိုကို ၄၅ မိနစ်တွင် မာဇရာဝီနှင့် လူစားလဲခဲ့သည်။
ဂါနာချိုသည် လူစားလဲခံရပြီးနောက် အရန်ခုံသို့မသွားဘဲ အဝတ်လဲခန်းသို့ တန်းဝင်သွားရာ အာမိုရင်မ်က ယခုလို ပြောကြားခြင်းဖြစ်သည်။
''ကျွန်တော် ဒီကိစ္စကို ဂါနာချိုနဲ့ သေချာပြောမှာပါ။ အဲဒါကြောင့် လာမယ့်သတင်းစာရှင်းလင်းပွဲမှာ ခင်ဗျားသိချင်တယ်ဆိုရင် အဲဒီအကြောင်း ကျွန်တော်ပြောပြမှာပါ။ ခင်ဗျားတို့က ရပ်ရှ်ဖို့ဒ်နဲ့ ချိတ်ဆက်ပြီးပြောချင်နေတာမဟုတ်လား။ ကျွန်တော်တို့အနေနဲ့ ၅-၃-၁ ပုံစံ ပိုပြီးကစားရတော့မယ်လို့ စဉ်းစားထားတာပါ။ ဒါက စွန့်စားမှုတစ်ခုဆိုတာ ကျွန်တော်သိပါတယ်။ ဘာလို့လဲဆိုတော့ သူက တစ်ဦးချင်းအခြေအနေမှာ အမြန်နှုန်းနဲ့ကစားနိုင်တဲ့ တစ်ဦးတည်းသော ကစားသမားဖြစ်လို့ပါ။ ဒါပေမဲ့ အသင်းက ပထမပိုင်းတစ်ပိုင်းလုံးနီးပါး ပွဲကိုထိန်းချုပ်ထားတာ အဆင်ပြေတယ်လို့ ကျွန်တော်ခံစားရပါတယ်။ အဲဒါကြောင့် လူစားလဲလိုက်တာပါ။ လူစားလဲရမယ့်တစ်စုံတစ်ဦးကို ရွေးချယ်တဲ့အခါ တည်ကန်ဘောတွေကိုလည်း စဉ်းစားရပါတယ်။ အဲဒါကြောင့် ဂါနာချိုကို ရွေးချယ်ခဲ့တာပါ'' ဟု အာမိုရင်မ်က ဆိုသည်။

မူရင်းသတင်း — Eleven Media Group