
ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှ ကလပ်အသင်းတစ်သင်းသည် ရီးယဲလ်မက် ဒရစ်အသင်း၏ ဘရာဇီးလ်ကြယ်ပွင့် တောင်ပံတိုက်စစ်ကစားသမား ဗင်နီစီယပ်စ်အား လာမည့်နွေရာသီအပြောင်းအရွှေကာလတွင် ပေါင်သန်း (၂၀၀) ဖြင့် ခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း သိရှိရသည်။
စပိန်မီဒီယာများ၏ ဖော်ပြမှုအရ အမည်တပ်ဖော်ပြထားခြင်းမရှိသည့် ဆော်ဒီကလပ်အသင်းတစ်သင်းသည် ဗင်နီစီယပ်စ်အား ခေါ်ယူရန် ချိတ်ဆက်နေခြင်းဖြစ်ပြီး ရီးယဲလ်မက်ဒရစ်အသင်းကလည်း ယင်းအပြောင်းအရွှေ့ကို စိတ်ဝင်စားလျက်ရှိသည်ဟု သိရှိရသည်။
ဗင်နီစီယပ်စ်သည် ယခုရာသီကုန်တွင် ရီးယဲလ်မက်ဒရစ်အသင်းနှင့် စာချုပ်သက်တမ်း (၂) နှစ်သာ ကျန်ရှိတော့မည်ဖြစ်ပြီး အသင်းနှင့် စာချုပ်သစ်ကိစ္စ ဆွေးနွေးဖြစ်ပါက ကလပ်အသင်းတွင် လစာအများဆုံး ဖြစ်လာရန် တောင်းဆိုလိုနေသည်ဟုလည်း သတင်းများထွက်ပေါ်နေသည်။
ယင်းအတွက်ကြောင့် ရီးယဲလ်မက်ဒရစ်အသင်းက ဗင်နီစီယပ်စ်အတွက် မြင့်မားသည့်ပြောင်းရွှေ့ကြေးရရှိပါက ရောင်းထုတ်ဖွယ်ရှိနေသည်ဟု ခန့်မှန်းနေကြခြင်းဖြစ်သည်။
ဗင်နီစီယပ်စ်သည် ယခုရာသီတွင် ရီးယဲလ်မက်ဒရစ်အသင်းအတွက် ပြိုင်ပွဲစုံ (၃၅) ပွဲတွင် (၁၈) ဂိုးသွင်းယူထားသည်။