
မာဆေးလ်အသင်း၏ ဥက္ကဋ္ဌဖြစ်သူ ပါဘလိုလွန်ဂိုရီယာသည် ဒိုင်လူကြီးအား လာဘ်စားသည်ဟု စွပ်စွဲပြောဆိုခဲ့ခြင်းအတွက် ပွဲပယ်ပြစ်ဒဏ် (၁၅)ပွဲ ချမှတ်ခံခဲ့ရကြောင်း သိရသည်။
မာဆေးလ်အသင်းဥက္ကဋ္ဌ လွန်ဂိုရီယာသည် အော်ဇေးအသင်းအား (၀-၃)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ဒိုင်လူကြီးအား လာဘ်စားသည်ဟု စွပ်စွဲပြောကြားခဲ့ခြင်းဖြစ်သည်။
ယင်းသို့ ပြောကြားခဲ့ခြင်းအတွက် လွန်ဂိုရီယာက တောင်းပန်စကား ပြန်လည်ပြောကြားခဲ့သော်လည်း ပြင်သစ်လိဂ်အဖွဲ့ချုပ်က ၎င်းအား ပွဲပယ်ပြစ်ဒဏ် ချမှတ်လိုက်ခြင်းဖြစ်သည်။
လွန်ဂိုရီယာသည် နန့်စ်နှင့်ပွဲတွင် လာရောက်ကြည့်ရှုခွင့်ရရှိမည်ဖြစ်သော်လည်း ယင်းနောက်ပိုင်း ယခုရာသီအတွင်း ယှဉ်ပြိုင်ရမည့်(၁၀)ပွဲနှင့် လာမည့်ရာသီ (၅)ပွဲတွင် ကြည့်ရှုခွင့်ရမည်မဟုတ်ကြောင်း သိရသည်။
မာဆေးလ်အသင်းသည် ယခုရာသီ လီဂူး-၁ ပြိုင်ပွဲ ပွဲစဉ် (၂၃) အပြီးတွင် ရမှတ် (၄၆) မှတ်ဖြင့် အဆင့် (၂) နေရာ၌ ရပ်တည်နေပြီး အမှတ်ပေးဇယားထိပ်ဆုံးမှ PSG အသင်း (၅၉ မှတ်)နှင့် (၁၃) မှတ်အထိ ကွာဟနေသည်။