Eleven Media Group

■ နွေရာသီတွင် ကစားသမားအများစု ထွက်ခွာရနိုင်ကြောင်း မန်ယူအသင်းနည်းပြ အာမိုရင်မ် သတိပေး

Photo: Man Utd

မန်ယူအသင်းနည်းပြ အာမိုရင်မက နွေရာသီအပြောင်းအရွှေ့ကာလတွင် အသင်းမှ ကစားသမားအများစု ထွက်ခွာရနိုင်ကြောင်း သတိပေးပြောကြားသည်။

မန်ယူအသင်း၏ ပူးတွဲအသင်းပိုင်ရှင်ဖြစ်သူ ဗြိတိန်ဘီလျံနာ ဆာဂျင်ရက်ကလစ်ဖ်သည် အသုံးစရိတ်လျှော့ချရန်အတွက် ဝန်ထမ်းများ လျှော့ချလျက်ရှိပြီး ပထမအကြိမ်တွင် ၂၅၀ လျှော့ချခဲ့ကာ ဒုတိယအကြိမ်တွင် ၂၀၀ လျှော့ချမည်ဖြစ်သည်။

ထို့ပြင် နွေရာသီကာလတွင် ကစားသမားသစ်ခေါ်ယူလိုပါက အသင်း၌ ရှိသူများကိုရောင်းချ၍ ဘတ်ဂျက်ရှာဖွေရ မည်ဖြစ်ကြောင်း သိရသည်။

သို့ဖြစ်ရာ အာမိုရင်မ်က ''အဲဒီအကြောင်း (ကစားသမားများထွက်ခွာခြင်း) ကျွန်တော်တို့ ပြောလို့ရပါတယ်။ ကျွန်တော်တို့ ပွဲတွေ အများကြီးကစားရမှာပါ။ ဒါပေမဲ့ အဲဒါက ခက်ခဲတဲ့ အခြေအနေမဟုတ်ဘူးလို့ ကျွန်တော် ထင်တယ်။ ဘာလို့လဲဆိုတော့ ဘောလုံးမှာ တစ်ခါတလေ ဆက်နေရပြီး တစ်ခါတလေ ထွက်သွားရတာကို အားလုံးက နားလည်ပါတယ်။ တစ်စုံတစ်ဦးအပေါ် ရိုးသားမှုရှိတဲ့အခါ သူတို့က အဲဒါကို လက်ခံနိုင်ပါတယ်။ အစပိုင်းမှာ ခက်ခဲပေမဲ့ သူတို့နားလည်ကြမှာပါ။ အဲဒါကြောင့် ကျွန်တော်က ကစားသမားတွေအပေါ်မှာ တော်တော်လေး ရိုးသားစွာပဲ နေပါတယ်။ ရာသီကုန်မှာ သူတို့ဆက်သွားရမယ်ဆိုတာ သိထားကြပြီးသားပါ''ဟု သတိပေးပြောကြား ခြင်းဖြစ်သည်။

ထို့ပြင် အာမိုရင်မ်သည် တောင်ပံကစားသမား ဂါနာချိုအား အစ်ဝစ်ချ်အသင်းနှင့်ပွဲတွင် လူစားလဲခံရစဉ် အရန်ခုံသို့မသွားဘဲ အဝတ်လဲခန်းသို့ တန်းဝင်သွားသည့် လုပ်ရပ်အတွက် အသင်းဖော်များကို ညစာဝယ်ကျွေး စေသည့်ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း ထုတ်ဖော်ပြောကြားသည်။

ယင်းပွဲ ပထမပိုင်း ၄၃ မိနစ်တွင် ဘယ်ခြမ်း Wing Back ကစားသမား ဒေါ်ဂူမှာ အနီကတ်ဖြင့် ထုတ်ပယ်ခံရသောကြောင့် အာမိုရင်မ်က ၄၅ မိနစ်တွင် ဂါနာချိုကို မာဇရာဝီနှင့် လူစားလဲရာ ၎င်းက အဝတ်လဲခန်းသို့ တန်းဝင်သွားခြင်းဖြစ်သည်။

''အဲဒါက ရယ်စရာပါပဲ။ ဘာလို့လဲဆိုတော့ နောက်တစ်ရက်မှာ သူက ကျွန်တော့် ရုံးခန်းဆီ ရောက်လာခဲ့တယ်။ ကျွန်တော် စုံစမ်းမှုတချို့ လုပ်ခဲ့တယ်။ သူက အဝတ်လဲခန်းဆီသွားပြီးတော့ ရေစိုနေလို့ အဝတ်တွေလဲ လိုက်တယ်။ ပြီးတော့ အရန်ခုံကမဟုတ်ဘဲ တခြားနေရာကနေ ပွဲကိုကြည့်ခဲ့တယ်။ ပွဲပြီးချိန်မှာ သူက ဒီမှာရှိနေပြီး နောက်တော့ အိမ်ပြန်သွားတယ်။ အဲဒါက ပြဿနာမဟုတ်ပါဘူး။ ဒါပေမဲ့ မန်ချက်စတာယူနိုက်တက်မှာ အရာအားလုံးက အရေးကြီးတယ်၊ အသင်းကြီးတစ်သင်းရဲ့ ခံယူချက်က တကယ်အရေးကြီးတယ်လို့ သူ့ကိုပြောခဲ့ပါတယ်။ အဲဒါကြောင့် သူက အသင်းသားအားလုံးအတွက် ညစာစားဖို့ပေးရမှာပါ။ ဒါပါပဲ။ ဒါကို သူနားလည်မယ်လို့ ထင်ပါတယ်။ ကျွန်တော်က သူတို့ကို ပိုကောင်းတဲ့ဘောလုံးသမားတွေဖြစ်လာအောင် ကူညီပေးဖို့ပဲ ကြိုးစားနေတာပါ''ဟု အာမိုရင်မ်ကဆိုသည်။

မူရင်းသတင်း — Eleven Media Group