
ဖီနာဘာချီအသင်းနည်းပြ မော်ရင်ဟိုသည် လေးပွဲပယ်ပြစ်ဒဏ်အတွက် အယူခံဝင်ရာ အောင်မြင်မှုရရှိပြီး နှစ်ပွဲပယ်သို့ လျှော့ချပေးခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂၄ ရက်က ယှဉ်ပြိုင်ကစားသည့် ဂါလာတာစာရေး (၀-၀) ဖီနာဘာချီ ပွဲစဉ်အပြီးတွင် မော်ရင်ဟိုက တူရကီဒိုင်များအား ဝေဖန်ခဲ့သလို ဂါလာတာရေးအသင်း အရန်ခုံရှိကစားသမားများနှင့် နည်းပြအဖွဲ့ဝင်များကိုလည်း ''မျောက်''နှင့်နှိုင်းယှဉ်၍ ပြောဆိုခဲ့သည်။
ထို့ကြောင့် တူရကီဘောလုံးအဖွဲ့ချုပ်(TFF)က မော်ရင်ဟိုအနေဖြင့် တူရကီဒိုင်လူကြီးများအား စော်ကားပြောဆိုမှု၊ တူရကီဘောလုံးအသိုင်းအဝိုင်းနှင့် တူရကီဒိုင်လူကြီးအားလုံးကြောင့် တူရကီဘောလုံးအား ပရမ်းပတာဖြစ်စေကြောင်း စော်ကား ပြောဆိုမှုများကြောင့် အဝတ်လဲခန်းအတွင်း ဝင်ရောက်ခွင့်အပါအဝင် နှစ်ပွဲပယ်ပြစ်ဒဏ်၊ ပွဲပြီးသတင်းစာရှင်းလင်းပွဲတွင် အားကစားသမား မပီသသည့်လုပ်ရပ် ပြုလုပ်ခဲ့သောကြောင့် နှစ်ပွဲပယ်ပြစ်ဒဏ်နှင့် ဒဏ်ကြေးစုစုပေါင်း တူရကီငွေ ၁ ဒသမ ၆ သန်း (ဒေါ်လာ ၄၄၀၀၀) ချမှတ်ခဲ့သည်။
ဖီနာဘာချီအသင်းက ယင်းပြစ်ဒဏ်အတွက် အယူခံဝင်ရာ အောင်မြင်မှုရရှိခဲ့ခြင်းဖြစ်ပြီး ပွဲပယ်ပြစ်ဒဏ်ကို လေးပွဲမှ နှစ်ပွဲသို့ လျှော့ချပေးခဲ့သလို ဒဏ်ကြေးကိုလည်း တူရကီငွေ ၅၅၈၅၀၀ သာ ပေးဆောင်ရတော့မည်ဖြစ်သည်။
အဆိုပါပွဲစဉ်အပြီးတွင် ပြောကြားခဲ့သည့် မှတ်ချက်စကားအတွက် မော်ရင်ဟိုကို လူမျိုးရေးခွဲခြားမှုဖြင့် တိုင်ကြားမည်ဟု ထုတ်ပြန်ခဲ့သည့် ဂါလာတာစာရေးအသင်းအား ၎င်းက တုံ့ပြန်တရားစွဲဆိုထားကြောင်း သိရသည်။
ယင်းပွဲတွင် နှစ်သင်းစလုံး၏ တောင်းဆိုမှုအရ ဆလိုဗေးနီးယားကွင်းလယ်ဒိုင် ဗန်ချစ်ကို တာဝန်ယူကိုင်တွယ်စေခဲ့ပြီး ပွဲအပြီးတွင် မော်ရင်ဟိုက ဗန်ချစ်၏အရည်အချင်းကို ချီးကျူး၍ တူရကီဒိုင်သာ ကိုင်တွယ်လျှင် အလွန်ဆိုးရွားမည်ဖြစ်ကြောင်း၊ တူရကီဒိုင် ဆိုလျှင် ပွဲအစတစ်မိနစ်တွင် ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်ကို အဝါကတ်ပြမည်ဖြစ်သောကြောင့် မိမိကစားသမားအား ငါးမိနစ်မှာပင် လူစားလဲရမည်ဖြစ်ကြောင်း၊ အဆိုပါ ဟန်ဆောင်လှဲချသည့်ဖြစ်ရပ်အပေါ် ဂါလာတာစာရေးအသင်း အရန်ခုံတန်းရှိ လူများ၏ တုံ့ပြန်မှုမှာ မျောက်ကလေးများ ခုန်ပေါက်နေသည်နှင့်တူကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
သို့ဖြစ်ရာ ဂါလာတာစာရေးအသင်းက မော်ရင်ဟိုကို လူမျိုးရေးခွဲခြားမှုဖြင့် တရားစွဲဆိုမည်ဖြစ်ကြောင်း၊ ၎င်း၏လုပ်ရပ်အတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)၊ ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)နှင့် တူရကီဘောလုံးအဖွဲ့ချုပ်(TFF)တို့ထံ တိုင်ကြားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
မော်ရင်ဟိုကလည်း ဂါလာတာစာရေးအသင်း၏ စွပ်စွဲပြောဆိုမှုမှာ ပုဂ္ဂိုလ်ရေးဆိုင်ရာ တိုက်ခိုက်ခြင်းဖြစ်သောကြောင့် တူရကီ ငွေ ၁၉၀၇၀၀၀ (ဒေါ်လာ ၅၂၀၀၀၊ ပေါင် ၄၁၀၀၀) ရယူလိုမှုဖြင့် တုံ့ပြန်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။