Eleven Media Group

ပြိုင်ဘက်ဂိုးသမား၏ ကန်ချက်ကြောင့် နားရွက်တွင် ဒဏ်ရာရရှိပြီး (၂၅)ချက် ချုပ်ခဲ့ရသည့် ပဲလေ့စ်တိုက်စစ်မှူး မာတေတာ ရက်အနည်းငယ် အနားယူရမည်

Photo: X

ခရစ္စတယ်ပဲလေ့စ်အသင်း၏ တိုက်စစ်မှူး မာတေတာသည် FA ဖလားပွဲတွင် ရရှိခဲ့သည့် နားရွက်ဒဏ်ရာကြောင့် ရက်အနည်းငယ် အနားယူရမည်ဖြစ်ကြောင်း သိရသည်။

ခရစ္စတယ်ပဲလေ့စ်အသင်းသည် ပြီးခဲ့သည့် စနေနေ့တွင် FA ဖလားပဉ္စမအဆင့်ပွဲစဉ်အဖြစ် လိဂ်ချန်ပီယံရှစ်ကလပ် မီဝေါလ်အသင်းနှင့် ယှဉ်ပြိုင် ကစားခဲ့ရာ (၃-၁)ဂိုးဖြင့် အနိုင်ရခဲ့သော်လည်း ပြင်သစ်တိုက်စစ်မှူး မာတေတာ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

မာတေတာသည် ပွဲအစ (၈)မိနစ်ဝန်းကျင်၌ တိုက်စစ်ဆင်ရန် ကြိုးပမ်းစဉ် ပြိုင်ဘက်ဂိုးသမား လီယမ်ရောဘတ်စ်၏ ပြင်းထန်သည့်တားဆီးမှုနှင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။

အင်္ဂလန်ဂိုးသမား လီယမ်ရောဘတ်စ်က ဘောလုံးကို ခုန်ကန်၍ ဖျက်ထုတ်ခဲ့ရာ မာတေတာ ၏မျက်နှာကို ကန်မိခဲ့ခြင်းဖြစ်ပြီး ဘယ်ဘက်နားရွက်မှာ တစ်ဝက်ခန့် ပြတ် တောက်လုနီးပါး ဖြစ်သွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဆေးရုံသို့ တင်ပို့ကာ ကုသမှုခံယူခဲ့ရပြီး (၂၅)ချက် ချုပ်ခဲ့ရသော်လည်း ယင်းနေ့ညနေမှာပင် ဆေးရုံမှ ပြန်ဆင်းနိုင်ခဲ့ကြောင်း သိရသည်။

၎င်းအနေဖြင့် Scan ဖြင့် စစ်ဆေးမှုအားလုံး ကောင်းမွန်ခဲ့သော်လည်း ရက်အနည်းငယ်အနားယူရမည်ဖြစ်၍ လာမည့်စနေနေ့တွင် ယှဉ်ပြိုင်ရမည့် အစ်ဝစ်ချ်နှင့်ပွဲကို လွဲချော်ဖွယ်ရှိကြောင်း နည်းပြ ဂလက်စ်နာက သုံးသပ်ပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group