Eleven Media Group

"လီဗာပူးလ်အတွက် အစွမ်းကုန်ပေးဆပ်ခဲ့သူအဖြစ် အမှတ်ရနေစေချင်ပါတယ်"

လီဗာပူးလ်ဝါရင့်တိုက်စစ်ကစားသမား ဆာလာဟာ ဒီရာသီမှာ အထူးခြေစွမ်းပြနေပါတယ်။ ဆာလာအနေနဲ့ ဒီရာသီ ပရီးမီးယားလိဂ်မှာ သွင်းဂိုးအများဆုံးစာရင်းမှာ (၂၅) ဂိုးနဲ့ ဦးဆောင်နေသလို၊ ဂိုးဖန်တီးမှုအများဆုံးအဖြစ်လည်း (၁၇)ကြိမ်နဲ့ ဦးဆောင်နေတာပါ။ ဒါပေမဲ့ လီဗာပူးလ်အသင်းနဲ့ ချုပ်ဆိုထားတဲ့ ဆာလာရဲ့ လက်ရှိစာချုပ်က ဒီရာသီကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး စာချုပ်သစ်ချုပ်ဆိုဖို့ ဆွေးနွေးနေပေမဲ့ အခုအချိန်ထိ အဆင်မပြေသေးဘူးလို့ သိရပါတယ်။ TNT Sports နဲ့ အင်တာဗျူးမှာတော့ ဆာလာက လီဗာပူးလ်အသင်းအကြောင်း၊ သူ့ရဲ့အနာဂတ်နဲ့ သူ့ရဲ့ရည်မှန်းချက်တွေကို အခုလိုပဲ ပြောပြထားပါတယ်။

လီဗာပူးလ်တိုက်စစ်ကစားသမား ဆာလာနှင့် တွေ့ဆုံခြင်း

လီဗာပူးလ်ဝါရင့်တိုက်စစ်ကစားသမား ဆာလာဟာ ဒီရာသီမှာ အထူးခြေစွမ်းပြနေပါတယ်။ ဆာလာအနေနဲ့ ဒီရာသီ ပရီးမီးယားလိဂ်မှာ သွင်းဂိုးအများဆုံးစာရင်းမှာ (၂၅) ဂိုးနဲ့ ဦးဆောင်နေသလို၊ ဂိုးဖန်တီးမှုအများဆုံးအဖြစ်လည်း (၁၇)ကြိမ်နဲ့ ဦးဆောင်နေတာပါ။ ဒါပေမဲ့ လီဗာပူးလ်အသင်းနဲ့ ချုပ်ဆိုထားတဲ့ ဆာလာရဲ့ လက်ရှိစာချုပ်က ဒီရာသီကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး စာချုပ်သစ်ချုပ်ဆိုဖို့ ဆွေးနွေးနေပေမဲ့ အခုအချိန်ထိ အဆင်မပြေသေးဘူးလို့ သိရပါတယ်။ TNT Sports နဲ့ အင်တာဗျူးမှာတော့ ဆာလာက လီဗာပူးလ်အသင်းအကြောင်း၊ သူ့ရဲ့အနာဂတ်နဲ့ သူ့ရဲ့ရည်မှန်းချက်တွေကို အခုလိုပဲ ပြောပြထားပါတယ်။

မေး - မို(ဆာလာ)၊ လက်ရှိအခြေအနေ ဘယ်လိုလဲ။ လီဗာပူးလ်မှာ ကစားရတာ ပျော်လား။
ဖြေ - ဟုတ်ကဲ့။ ပျော်ပါတယ်။ လီဗာပူးလ်မှာ ကစားလာတာ (၈) နှစ်လောက် ရှိပါပြီ။ ဒီတော့ အားလုံး အဆင်ပြေပါတယ်။

မေး - ခင်ဗျားအရမ်းကောင်းတယ်လို့ လူတွေက ပြောနေကြတယ်။ ခင်ဗျား ဘယ်လိုခံစားရလဲ။
ဖြေ - အရမ်းကောင်းပါတယ်။ ခန္ဓာကိုယ်ကြံ့ခိုင်မှုလည်း အမြင့်ဆုံးရောက်နေတယ်လို့ ကျွန်တော် ခံစားရတယ်။ ကိုယ်ကိုယ်တိုင်သာမက ကျွန်တော့်နဲ့အတူ ကစားနေကြတဲ့ အသင်းဖော်တွေကိုလည်း တိုးတက်လာအောင် ကျွန်တော် ကြိုးစားနေတယ်။ တစ်သင်းလုံးကောင်းဖို့ လိုပါတယ်။ ဘာလို့လဲဆိုတော့ တစ်ယောက်တည်းကောင်းနေရုံနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို မရနိုင်ပါဘူး။ တခြားကစားသမားတွေလည်း ခြေစွမ်းပြနိုင်ဖို့လိုတယ်။ အဲဒီအတွက် ကျွန်တော် ကြိုးစားနေပါတယ်။ ကျွန်တော်ငယ်တုန်းကတော့ ကိုယ့်ကိုယ်ကိုပဲ အာရုံစိုက်ခဲ့တာပါ။ အခုအချိန်မှာ ဘယ်သူက ဘယ်မှာရှိတယ်။ ဘယ်သူက ဘောလုံးကို ဘယ်လိုအနေအထားဆိုရင် ကြိုက်တယ်ဆိုတာကို လေ့လာပါတယ်။

မေး - ခင်ဗျား လီဗာပူးလ်ကို ရောက်တုန်းက ၂၄၊ ၂၅ လောက်ပဲ ရှိဦးမယ်။ လက်ရှိမှာ ခင်ဗျားအနေနဲ့ အသင်းကစားသမားတွေကို ကူညီဖို့အတွက် သြဇာလွှမ်းမိုးရှိပြီလို့ ထင်လား။
ဖြေ - ဟုတ်ကဲ့။ သေချာပါတယ်။ ကျွန်တော်က ဗန်ဒိုက်နဲ့တော့ နည်းနည်းကွာခြားတယ်လို့ ထင်ပါတယ်။ ဗန်ဒိုက်က သူလိုချင်တာကို တည့်တိုးပြောလေ့ရှိပါတယ်။ ကျွန်တော်ကတော့ ကစားသမားတွေ ဘယ်လိုခံစားရလဲဆိုတာကို နားလည်ဖို့ကြိုး စားတယ်။ သူတို့ခံစားနေရတာတွေကိုလည်း ပြောဖို့ တိုက်တွန်းတယ်။

မေး - ခင်ဗျားက ဘယ်လိုခေါင်းဆောင်လဲ။ လူငယ်ကစားသမားတွေနဲ့တစ်ယောက်ချင်းစီ စကားပြော တာလား။ ဒါမှမဟုတ် ကွင်းထဲမှာ ကူညီတာလား။
ဖြေ - ကျွန်တော် သူတို့နဲ့ ကော်ဖီဘားမှာဖြစ်ဖြစ်၊ Gym မှာဖြစ်ဖြစ် စကားပြောပါတယ်။ Gym ကို စောစောသွားဖို့ သူတို့ကို တိုက်တွန်းတယ်။ ဘာလို့လဲဆိုတော့ အဲဒီအရာက ကစားသမားဘဝကို ကြာရှည်အောင် ဆွဲဆန့်နိုင်လို့ပါ။ ကော်ဖီသောက်ရင်းလည်း စကားပြောကြတာပေါ့။ အဲဒီမှာ အဆင်မပြေတာတွေ၊ ခံစားရနေတာတွေကို ထုတ်ပြောတာတွေလည်း ရှိပါတယ်။

မေး - ခင်ဗျားက အကောင်းဆုံးခြေစွမ်းနဲ့ ပွဲပေါင်းများစွာ ကစားခဲ့တယ်။ ဒဏ်ရာရတာလည်း သိပ်မရှိဘူး။ ဒါကြောင့် အသင်းကစားသမားတွေကို Gym သွားဖို့ တိုက်တွန်းတာလား။
ဖြေ - ဟုတ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒါက ငါတို့ အလုပ်ပဲလို့ သူတို့ကို ပြောလေ့ရှိတယ်။ ဘောလုံးသမားတွေက တစ်နေ့တာကို ဒီလိုပဲ ဖြတ်သန်းရမယ်။ ဒါက ကျွန်တော့်ရဲ့ အလုပ်ဖြစ်ပြီး ကျွန်တော့်ဘဝအတွက် မဖြစ်မနေ လုပ်ကိုလုပ်ရပါမယ်။ ဒါက ငွေကြေးအတွက် အရာအားလုံးအတွက် ကျွန်တော်တို့ လုပ်ရမယ့်အရာ ဖြစ်ပါတယ်။ ကျွန်တော်တို့ Gym ကို သွားရမယ်။ ကြံ့ခိုင်နေအောင် အမြဲတမ်းကြိုးစားရမယ်။ ကုသမှုတွေ ခံယူရမယ်။ အဲ ဒီလိုမလုပ်ဘူးဆိုရင် ဒဏ်ရာတွေ မကြာခဏရနေမှာပါ။ ဘောလုံးမှာ အောင်မြင်မှုရချင်တယ်ဆိုရင် အဲဒီအရာတွေကို လုပ်ကိုလုပ်ရမှာပါ။

မေး - ခင်ဗျားက လီဗာပူးလ်မှာ ဂိုးတွေအများကြီး သွင်းထားတယ်။ ဒါတွေက အမြဲတမ်းအမှတ်တရ ဖြစ်နေမယ့် အရာတွေပေါ့။ ခင်ဗျား သွင်းခဲ့တဲ့ ဂိုးတွေအားလုံးကို မှတ်မိလား။
ဖြေ - ဟုတ်။ မှတ်မိပါတယ်။ အဲဒါက အရမ်းစိတ်ကျေနပ်စရာကောင်းတဲ့ စပါယ်ရှယ်အခိုက်အတန့် တွေဖြစ်လို့ အားလုံးကို ကျွန်တော် မှတ်မိပါတယ်။

မေး - ဒီရာသီက လီဗာပူးလ်မှာ ခင်ဗျားရဲ့ (၈)ရာသီမြောက်နော်။ ခင်ဗျားရဲ့ Legacy ကို အန်ဖီးလ်မှာ ဘယ်လိုအမှတ်ရစေချင်လဲ။
ဖြေ - ကျွန်တော့်အနေနဲ့ ပရိသတ်တွေအတွက် အစွမ်းကုန်ပေးဆပ်ခဲ့သူအဖြစ် ကျွန်တော့်ကို အမှတ်နေစေချင်တယ်လို့ ပြောလေ့ရှိပါတယ်။ ကျွန်တော် ဒီမှာ ရှိနေစဉ်အတွင်း ဒီမြို့အတွက် အရာအားလုံးကို ကျွန်တော် ပေးဆပ်ခဲ့တာပါ။ ကျွန်တော် ပျင်းမနေပါဘူး။ ကျွန်တော့်အနေနဲ့ ဘောလုံးကိုအကောင်းဆုံးကစားပြီး အစွမ်းကုန်ကြိုးစားခဲ့တာပါပဲ။ ဒါက ကျွန်တော့်ကို ပေးတဲ့ ဒီမြို့က ချစ်ခြင်းမေတ္တာတွေ အတွက် ကျွန်တော့်ရဲ့ပြန်လည်ပေးဆပ်မှုလည်း ဖြစ်ပါတယ်။ ဒီတော့ ပရိသတ်တွေအနေနဲ့ ကျွန်တော့်ကို ဒီမှာ (၈) နှစ်ပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် အသင်းအတွက် အစွမ်းကုန်ပေးဆပ်ခဲ့သူအဖြစ် အမှတ်ရစေချင်ပါတယ်။

မေး - လီဗာပူးလ်ပရိသတ်တွေက ခင်ဗျားကို ဒီမှာ ဆက်နေစေချင်တာ ခင်ဗျား သိတယ်မလား။ ခင်ဗျားရဲ့စာချုပ်ကိစ္စနဲ့ပတ်သက်လို့ ပြောစရာရှိလား။
ဖြေ - (ခေါင်းခါပြပြီး) ရိုသေစွာနဲ့ ပြောတာပါ။

မေး - ခင်ဗျားက အရမ်းကောင်းတဲ့ ဂိုးသွင်းသူပဲ။ ခင်ဗျားစိတ်ထဲမှာ စံချိန်တွေချိုးဖို့ ရည်ရွယ်ထားတာမျိုး ရှိလား။
ဖြေ - ဒီနိုင်ငံမှာသာ ဆက်နေဖြစ်ရင် စံချိန်ချိုးဖို့ကို ကျွန်တော် တွေးနိုင်တာပေါ့လေ။ ဒါပေမဲ့ အခုထိ တော့ ကျွန်တော်က ပရီးမီးယားလိဂ်ချန်ပီယံဆုရယူဖို့ကိုပဲ တွေးထားပါတယ်။ ရာသီကုန်မှာ ဘာတွေဖြစ်မလဲ စောင့်ကြည့်ရမှာပါ။

မေး - ခင်ဗျားက ပွဲတချို့မှာ အနိုင်ဂိုးတွေ သွင်းခဲ့တယ်။ ကစားသမားကောင်းနဲ့ ကြီးကျယ်ခမ်းနားတဲ့ကစားသမားအကြား ဘာကခြားနားချက်လဲ။
ဖြေ - ကျွန်တော် အရင်တုန်းက အာစင်ဝင်းဂါးဆီက အကြံရဖူးပါတယ်။ သူ ဒီ(အန်ဖီးလ်)ကို လာတော့ ကျွန်တော် သူ့ကို အခု ခင်ဗျားမေးတဲ့ မေးခွန်းကိုပဲ မေးခဲ့ဖူးပါတယ်။ ဘာလို့လဲဆိုတော့ သူ့ လက်အောက်မှာ ကြီးကျယ်ခမ်းနားတဲ့ ကစားသမားတွေ ကစားခဲ့ကြတယ်လေ။ အဲဒါကြောင့် သူ့ ကို ကစားသမားကောင်းနဲ့ ကြီးကျယ်ခမ်းနားတဲ့ ကစားသမားဘာတွေ ကွာလဲလို့မေးခဲ့တယ်။ အဲဒီမှာ သူက ကြီးကျယ်ခမ်းနားတဲ့ ကစားသမားတွေက ပွဲမှာ ဘယ်လိုပဲ စွမ်းဆောင်စွမ်းဆောင် သူက ပွဲအပေါ် အမြဲအာရုံစိုက်ထားတယ်။ သူ့အတွက် အခွင့်အရေးကို စောင့်ပြီး အမြဲတမ်း ပွဲအတွင်းမှာ ရှိနေတယ်လို့ ပြောကြားခဲ့တာပါ။ ပြီးခဲ့တဲ့ နှစ်အနည်းငယ်လောက်ကတည်းက ကျွန်တော် သူ(အာ စင်ဝင်းဂါး)ပြောသလိုပဲ ကစားခဲ့တာပါ။ ဘောလုံးသမားတွေရဲ့ ခံစားချက်က ပွဲစဉ်တစ်ပွဲအတွင်းမှာကို အတက်အကျတွေနဲ့ ဗြောင်းဆန်နေတာပါ။ ကိုယ့်ခံစားချက်ကို ကိုယ်သိတဲ့အခါ အဆင်ပြေပါ တယ်။ ကစားသမားတစ်ယောက်အနေနဲ့ ပွဲတိုင်းတော့ ခြေစွမ်းမပြနိုင်ဘူးလေ။ ဒါပေမဲ့ အခွင့်အရေးရလာရင် အသုံးချနိုင်ဖို့အတွက် ပွဲအပေါ် အမြဲအာရုံစိုက်ထားဖို့ လိုပါတယ်။ ဒါက တကယ်လည်း အလုပ်ဖြစ်ပါတယ်။

မေး - ဒီရာသီက ခင်ဗျားအတွက် အကောင်းဆုံးရာသီလို့ ခင်ဗျား ထင်လား။
ဖြေ - ဒီရာသီက ကျွန်တော့်အတွက် အကောင်းဆုံးလို့ ထင်ပါတယ်။ အခုထိတော့ ဒါက ကျွန်တော့်ရဲ့ အကောင်းဆုံးရာသီပါ။ ဘာလို့လဲဆိုတော့ ဒီရာသီမှာ ကျွန်တော့်အနေနဲ့ အသင်းဖော်တွေကို ပိုပြီး ကောင်းလာအောင် ကူညီပေးနိုင်တယ်။ ပြီးတော့ သူတို့ကို အရင်ကထက် ပိုပြီးနားလည်လာတယ်လို့ ခံစားရတယ်။ အသင်းကစားသမားတွေရဲ့ အ ချက်အလက်တွေကို ကြည့်မယ်ဆိုရင် ဒီရာသီမှာ အရင်ရာသီတွေကထက် ပိုပြီးကောင်းလာတာကို တွေ့ရမှာပါ။ ကျွန်တော့်ရဲ့ ဂိုးဖန်တီးမှုကလည်း ဒီရာသီမှာ အကောင်းဆုံးပဲ။ ဒါက ကျွန်တော့်အနေနဲ့ သူတို့အတွက် အကူအညီဖြစ်တယ်ဆိုတဲ့ သက်သေပါပဲ။ ကိုဒီ(ဂက်ပို)၊ လူချို(ဒီယက်ဇ်)နဲ့ အခြား ကစားသမားတွေဟာ သူတို့ အကောင်းဆုံးရာသီကို ပိုင်ဆိုင်နေကြတယ်။ ကျွန်တော့်အတွက်လည်း ဒီရာသီက အကောင်းဆုံးလို့ ထင်ပါတယ်။

မေး - ဒီရာသီမှာ ခင်ဗျားရဲ့ မျှော်လင့်ချက်က ဘာ လဲ။ အရာအားလုံးကို လိုချင်လား။
ဖြေ - သေချာတာပေါ့။ (Ballon'd Or ရောလား) ပရီးမီးယားလိဂ်ဖလား အရင်ရအောင် ယူရအောင်ပါ။ ပြီးတော့ ချန်ပီယံလိဂ်ပေါ့။ Ballon'd Or ကတော့ တစ်ခါတလေ ရှုပ်ထွေးပါတယ်။ ကျွန်တော်ကတော့ ပရီးမီးယားလိဂ်ဖလားပဲ လိုချင်တယ်။

မေး - ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်နဲ့ ရွှေဖိနပ်ဆုရရင် Ballon'd Or လည်း ရမှာပါ။
ဖြေ - အဲဒီလို ဖြစ်လာဖို့ မျှော်လင့်ပါတယ်။

မူရင်းသတင်း — Eleven Media Group