Eleven Media Group

ဘက်တစ်အား ရှုံးနိမ့်ခဲ့သည့်ပွဲမှ ပုံစံအတိုင်းကစားမည်ဆိုပါက ချန်ပီယံလိဂ်တွင် အက်သလက်တီကိုအသင်းကို အနိုင်မရနိုင်ကြောင်း အန်ဆယ်လော့တီ သတိပေး

Photo: Getty Images

ရီးယဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက ဘက်တစ်အသင်းအား ရှုံးနိမ့်ခဲ့သည့်ပွဲမှပုံစံအတိုင်း ကစားမည်ဆိုပါက ချန်ပီယံလိဂ်ပြိုင်ပွဲတွင် အက်သလက်တီကိုအသင်းကို အနိုင်မရနိုင်ကြောင်း ကစားသမားများအား သတိပေးပြောကြားခဲ့သည်။
ရီးယဲလ်မက်ဒရစ်အသင်းသည် မတ်လ (၁) ရက် (စနေနေ့)က ကစားခဲ့သည့် လာလီဂါပွဲစဉ်တွင် ဘက်တစ်အသင်းအား အဝေးကွင်းတွင် (၁-၂) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
ရီးယဲလ်မက်ဒရစ်အသင်းသည် အဆိုပါပွဲစဉ် ပွဲချိန် (၁၀) မိနစ်တွင် ဘရာဟမ်ဒီယက်ဇ်၏သွင်းဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ချေပဂိုးနှင့် အနိုင်ဂိုးများ ပြန်ပေးခဲ့ရကာ ပွဲအပြီးတွင် (၁-၂) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
ရီးယဲလ်မက်ဒရစ်အသင်းသည် အဆိုပါရှုံးပွဲကြောင့် လာလီဂါအမှတ်ပေးဇယားတွင်လည်း တတိယနေရာသို့ ကျဆင်းသွားခဲ့ပြီး ချန်ပီယံဆုကို ကာကွယ်နိုင်ရန်အတွက် လက်ကျန်ပွဲစဉ်များတွင် ရုန်းကန်ရတော့မည်ဖြစ်သည်။
ဘက်တစ်အသင်းအား ရှုံူးနိမ့်သည့်ပွဲအပြီးတွင် ရီးယဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက ယခုပွဲမှ ပုံစံအတိုင်းကစားမည်ဆိုပါက မတ်လ (၄) ရက်(အင်္ဂါနေ့) တွင်ကစားမည့် ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့် ပထမအကျော့တွင် မက်ဒရစ်မြို့ခံပြိုင်ဘက် အက်သလက်တီကိုအသင်းကို အနိုင်မရနိုင်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
အန်ဆယ်လော့တီက ''တကယ်လို့ ကျွန်တော်တို့အနေနဲ့ အခုပုံစံအတိုင်းကစားမယ်ဆိုရင် အင်္ဂါနေ့ကစားမယ့်ပွဲမှာ အနိုင်မရနိုင်ပါဘူး။ ဒီရှုံးပွဲက အက်သလက်တီကိုနဲ့ စကားရမယ့်ပွဲအတွက် တပ်လှန့်လိုက်သလိုဖြစ်ဖို့ မျှော်လင့်ပါတယ်''ဟု ပြောကြားခဲ့သည်။
အန်ဆယ်လော့တီက အဆိုပါပွဲစဉ်၏ ပွဲချိန် (၇၅)မိနစ်တွင် ဘာပေကို လူစားလဲခဲ့ခြင်းနှင့်ပတ်သက်ပြီးလည်း ပွဲအပြီးတွင် ရှင်းလင်းပြောကြားခဲ့သည်။
''ဘာပေက သွားကိုက်နေတယ်။ ဒါကြောင့် သူ့အနေနဲ့ လေ့ကျင့်မှုကောင်းကောင်းမလုပ်နိုင်ခဲ့သလို၊ ကြ့ံခိုင်မှုလည်း (၁၀၀) ရာခိုင်နှုန်း မပြည့်ပါဘူး။ ဒါက ထင်ရှားပါတယ်။ ဒါကြောင့် ပြဿနာတွေကို ရှောင်ရှားဖို့အတွက် ဘာပေကို ထုတ်ပြီး အန်းဒရစ်ကို ထည့်ခဲ့တာပါ။ ဒီပွဲမှာ ဘာပေ (၁၀၀) ရာခိုင်နှုန်းကြ့ံခိုင်မှု မပြည့်ခဲ့ပါဘူး''ဟု အန်ဆယ်လော့တီက ဆိုခဲ့သည်။

မူရင်းသတင်း — Eleven Media Group