
FA ဖလားပြိုင်ပွဲမှ ထွက်ခဲ့ရပြီးနောက် မန်ယူအသင်းနည်းပြ အာမိုရင်မ်က မိမိတို့၏ ရည်မှန်းချက်မှာ ပရီးမီးယားလိဂ်ဖလားရယူနိုင်ရေးဖြစ်ကြောင်း ပြောကြားမှုအပေါ် ၎င်းနှင့် အသင်းခေါင်းဆောင်ဟောင်း ၀ိန်းရွန်နီတို့ အပြန်အလှန်ဝေဖန်မှုများ ပြုလုပ်လျက်ရှိ ကြောင်း သိရသည်။
မန်ယူအသင်းသည် FA ဖလား ပÍ္စမအဆင့်ပွဲစဉ်အဖြစ် မတ် ၂ ရက်တွင် ဖူလ်ဟမ်အသင်းနှင့် အိမ်ကွင်းယှဉ်ပြိုင်ကစားရာ (၁-၁) ဂိုးနှင့် သရေကျခဲ့ပြီး အချိန်ပို၊ ပယ်နယ်တီအထိ ဆက်လက်ယှဉ်ပြိုင်ရကာ ပယ်နယ်တီ (၃-၄) ဂိုးဖြင့် ရှုံးနိမ့်သောကြောင့် ပြိုင်ပွဲမှ ထွက်ခဲ့ရပြီဖြစ်သည်။
မန်ယူအသင်းသည် အာမိုရင်မ်လက်ထက် ပြိုင်ပွဲစုံ ၂၄ ပွဲကစားပြီး နောက် ၁၀ ပွဲမြောက် ရှုံးပွဲကြုံတွေ့ခြင်းဖြစ်ပြီး အိမ်ကွင်းရှုံးပွဲမှာ ခြောက်ပွဲရှိလာပြီဖြစ်သည်။
ယင်းပွဲအပြီးတွင် အာမိုရင်မ်က ''ရည်မှန်းချက်က ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲဖို့ပါပဲ။ ကျွန်တော်တို့က ရှုံးပွဲတွေကြုံနေရတာ သိပါတယ်။ ဒါပေမဲ့ ရည်မှန်းချက်က ပရီးမီးယားလိဂ်မှာ ပြန်ပြီးဗိုလ်စွဲနိုင်ဖို့ပါပဲ။ အချိန်ဘယ်လောက်ယူရမလဲဆိုတာ ကျွန်တော်မသိပါဘူး။ ကျွန်တော်တို့မှာ ရည်မှန်းချက်တစ်ခုရှိပြီး ဘာပဲဖြစ်ဖြစ် ရှေ့ကိုဆက်သွားနေပါတယ်'' ဟု ပြောကြားသည်။
ယင်းမှတ်ချက်စကားအပေါ် BBC သတင်းဌာန၏ Match of the Day အစီအစဉ်အတွက် ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေသည့် မန်ယူအသင်းခေါင်းဆောင်ဟောင်း ရွန်နီက ''သူတို့ ပရီးမီးယားလိဂ်မှာဗိုလ်စွဲဖို့ မျှော်လင့်ထားတယ်ဆိုပြီး ပြောတာက နည်းနည်းနုံအတယ်လို့ ကျွန်တော်ထင်တယ်။ ဘာလို့လဲဆိုတော့ သူတို့ အခုရောက်နေတဲ့နေရာက အဝေးကြီးမှာပါ။ သူက ပရီးမီးယားလိဂ်မှာဗိုလ်စွဲဖို့ပြောတယ်။ သူတို့ဘယ်လိုယှဉ်ပြိုင်မှာလဲ။ ဇယားအပေါ်ပိုင်းရောက်ဖို့က သူတို့အတွက် နောက်တစ်ဆင့်ပဲလို့ ကျွန်တော်ထင်တယ်'' ဟု ဝေဖန်ခဲ့သည်။
ရွန်နီ၏ဝေဖန်မှုအပေါ် အာမိုရင်မ်ကလည်း ''နုံအတယ်ဆိုတာက ဒီရာသီမှာ ကျွန်တော်တို့ လုပ်နိုင်မယ်လို့ ထင်နေတာ ဒါမှမဟုတ် နောက်ရာသီမှာ အကောင်းဆုံးယှဉ်ပြိုင်သူဖြစ်လာမယ်လို့ ထင်နေတာပါ။ ကျွန်တော်က အနားယူပြီးချိန်မှာ ဘောလုံးဝေဖန်သူလုပ်ခဲ့တယ်။ အဲဒါက တော်တော်လေးလွယ်တယ်ဆိုတာ ကျွန်တော်သိပါတယ်။ ကျွန်တော်က နုံအတဲ့သူမဟုတ်ဘူး။ အဲဒါကြောင့် အသက် ၄၀ နဲ့ မန်ချက်စတာယူနိုက်တက်မှာ နည်းပြလုပ်နေတာပါ'' ဟု တုံ့ပြန်ခဲ့သည်။