
မန်စီးတီးအသင်းသည် FA ဖလားပြိုင်ပွဲတွင် ကွာတားဖိုင်နယ်အဆင့်သို့ (၇)ရာသီဆက် တက်ရောက်နိုင်ခဲ့သော်လည်း နည်းပြ ဂွါဒီယိုလာက ဆုဖလားရယူနိုင်ခဲ့လျှင်ပင် ယခုရာသီမှ ည့ံဖျင်းမှုများကို ပြန်အဖတ်ဆယ်နိုင်မည်မဟုတ်ဟု ပြောကြားခဲ့သည်။
မန်စီးတီးအသင်းသည် ဂွါဒီယိုလာနှင့် လက်တွဲခဲ့သည့်ကာလအတွင်း ၂၀၁၇-၁၈ ရာသီတစ်ကြိမ်သာ FA ဖလားပြိုင်ပွဲတွင် ပဥ္စမအဆင့်မှ ထွက်ခဲ့ရပြီး ကျန်ရာသီများ၌ အနိမ့်ဆုံးဆီမီးဖိုင်နယ်အဆင့် ရောက်ရှိခဲ့သည်။
ဗိုလ်လု ပွဲ(၃)ကြိမ်ရောက်ရှိပြီး ဆုဖလား(၂)ကြိမ် ရယူနိုင်ခဲ့သည်။
ထို့ကြောင့် ယခုရာသီတွင် ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ခြင်းမှာ မန်စီးတီးအသင်းအနေဖြင့် FA ဖလား ကွာတားဖိုင်နယ်အဆင့်သို့ (၇)ရာသီဆက် တက်ရောက်နိုင်ခြင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး အသင်း၏ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် စွမ်းဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။
သို့သော် ဂွါဒီယိုလာက အဆိုပါမှတ်တမ်းသာမက ချန်ပီယံဆုဖလား ရယူနိုင်ခဲ့လျှင်ပင် ယခုရာသီမှ ည့ံဖျင်းမှုများကို ပြန်အဖတ်ဆယ်နိုင်မည်မဟုတ်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
မန်စီးတီးအသင်းသည် ယခုရာသီတွင် လိဂ်ဖလားနှင့် ချန်ပီယံလိဂ်ပြိုင်ပွဲများမှ စောစီးစွာ ထွက်ခွာခဲ့ရသလို၊ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင်လည်း ရာသီဝက်ဝန်းကျင်မှာပင် ချန်ပီယံမျှော်လင့်ချက် မှေးမှိန်ခဲ့ရသည်။
ထို့ကြောင့် ဂွါဒီယိုလာက ယခုလို ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။
''ဖလားသုံးလုံး ဒါမှမဟုတ် ဖလားလေးလုံးရဖို့ လုပ်ဆောင်ရတာက ပိုကောင်းပါတယ်။ ဒီရာသီမှာ အထူးသဖြင့် ပြိုင်ပွဲနှစ်ခုမှာ ကျွန်တော်တို့ အခြေအနေမကောင်းခဲ့ပါဘူး။ ဒါဟာ လက်တွေ့အခြေအနေပါပဲ။ ကျွန်တော် ဒီကို ရောက်ကတည်းက ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ် (၁၆)သင်းအဆင့်ကို မတက်နိုင်ခဲ့ပါဘူး။ ပြီးတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း (၁၃)ပွဲ၊ (၁၄)ပွဲ၊ (၁၅)ပွဲလောက် ကျန်ချိန်မှာပဲ ချန်ပီယံဆုအတွက် အခွင့်အရေးမရှိတော့ပါဘူး။ ဒီလိုမျိုး ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးပါဘူး။ ကျွန်တော်တို့ရဲ့ ဒီရာသီက မကောင်းမွန်ခဲ့ပါဘူး။ ကျွန်တော်တို့ FA ဖလား ရရှိခဲ့မယ်ဆိုရင်တောင် ဒီရာသီက ပြောင်းလဲသွားမှာမဟုတ်ပါဘူး''ဟု ဂွါဒီယိုလာက ပြောကြားခဲ့သည်။
မန်စီးတီးအသင်းသည် FA ဖလား ပဥ္စမအဆင့်တွင် ပလိုင်းမောက်အသင်းကို (၃-၁)ဂိုးဖြင့် အနိုင်ယူကာ ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်ပြီး ဗိုလ်စွဲရန် ရေပန်းအစားဆုံးအသင်းအဖြစ် ရပ်တည်လျက်ရှိသည်။
ဂွါဒီယိုလာသည် မန်စီးတီးအသင်းကို ၂၀၁၆-၁၇ ရာသီတွင် စတင်ကိုင်တွယ်ခဲ့ပြီး ပထမဆုံးရာသီ၌ ဖလားလက်မဲ့အဖြစ် အဆုံးသတ်ခဲ့ရသော်လည်း ကျန်ရာသီများတွင်မူ အနည်းဆုံး ဆုဖလားတစ်လုံး ရယူပေးနိုင်ခဲ့သည်။
၂၀၁၇-၁၈ ရာသီတွင် ပရီးမီးယားလိဂ်နှင့် လိဂ်ဖလား၊ ၂၀၁၈-၁၉ ရာသီတွင် ပရီးမီးယားလိဂ်၊ FA ဖလားနှင့် လိဂ်ဖလား၊ ၂၀၁၉-၂၀ ရာသီတွင် လိဂ်ဖလား၊ ၂၀၂၀-၂၁ ရာသီတွင် ပရီးမီးယားလိဂ်နှင့် လိဂ်ဖလား၊ ၂၀၂၁-၂၂ ရာသီတွင် ပရီးမီးယားလိဂ်၊ ၂၀၂၂-၂၃ ရာသီတွင် ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်နှင့် FA ဖလား၊ ၂၀၂၃-၂၄ ရာသီတွင် ပရီးမီးယားလိဂ်ချန်ပီယံဆု ရယူပေးနိုင်ခဲ့ခြင်းဖြစ်သည်။
ယခုရာသီတွင် တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်သည့် FA ဖလားကို ရယူနိုင်ခြင်းမရှိပါက ဂွါဒီယိုလာအနေဖြင့် မန်စီးတီးနည်းပြဘဝတွင် ဒုတိယမြောက် ဖလားလက်မဲ့ရာသီနှင့် ကြုံတွေ့ရမည်ဖြစ်သည်။
ဂွါဒီယိုလာသည် ဘာစီလိုနာနှင့် ဘိုင်ယန်မြူးနစ်တို့တွင်လည်း ရာသီတိုင်း ဆုဖလားရယူနိုင်ခဲ့သူဖြစ်သည်။