Eleven Media Group

ကမ္ဘောဒီးယား ခွန်ခမာပြိုင်ပွဲတွင် မြန်မာ့ရိုးရာလက်ဝှေ့သမား စောဂျွန် အမှတ်ဖြင့်ရှုံးနိမ့်

Photo: Bayon TV

မြန်မာ့ရိုးရာလက်ဝှေ့သမား စောဂျွန်သည် ကမ္ဘောဒီးယား ခွန်ခမာပြိုင်ပွဲတွင် အမှတ်ဖြင့်ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့်မတ် ၁ ရက်က ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘောဒီးယား ခွန်ခမာပြိုင်ပွဲတွင် မြန်မာ့ရိုးရာလက်ဝှေ့သမား စောဂျွန်သည် အိမ်ရှင်ကမ္ဘောဒီးယားဖိုက်တာ မီးတက်ရှ်နှင့် ယှဉ်ပြိုင်ထိုးသတ်ခဲခြင်းဖြစ်သည်။
စောဂျွန် နှင့် ကမ္ဘောဒီးယားဖိုက်တာ မီးတက်ရှ်တို့သည် (၆၅) ကီလိုတန်းတွင် ခွန်ခမာစည်းမျဉ်းအတိုင်း (၃) မိနစ်၊ (၃) ချီယှဉ်ပြိုင်ထိုးသတ်ခဲ့ခြင်းဖြစ်သည်။
စောဂျွန်သည် ပထမအချီစတင်ကတည်းက ပြိုင်ဘက်ကမ္ဘောဒီးယားဖိုက်တာ၏ ဖိအားပေးထိုးသတ်ခြင်းကို ခံခဲ့ရသည်။
စောဂျွန်သည် နင်းခြေအားပြုပြီး ဘယ်ညာတွဲလုံးဖြင့် ထိုးသတ်ခဲ့သော်လည်း ၎င်း၏ ထိုးချက်များမှာ မထိရောက်ခဲ့ပေ။
စောဂျွန်၏ ထိုးချက်များထက် ပြိုင်ဘက်ကမ္ဘောဒီးယားဖိုက်တာ၏ ဘယ်ထောက်လက်သီး၊ ညာဖြောင့်လက်သီးများက ပိုမိုထိရောက်ခဲ့သည်။
ဒုတိယအချီတွင် ဖိုက်တာနှစ်ဦးစလုံး ဆိုင်ထိုးပြိုင်ထိုးဖြင့် ပွဲမှာအကြိတ်အနယ်ရှိခဲ့သည်။
တတိယအချီတွင်လည်း ဖိုက်တာနှစ်ဦးစလုံး ပွဲဖြတ်နိုင်ရန် အပြန်အလှန် အစွမ်းကုန်ကြိုးစားခဲ့သော်လည်း အလဲမထိုးနိုင်ဘဲ အိမ်ရှင်ကမ္ဘောဒီးယားဖိုက်တာ မီးတက်ရှ်က အမှတ်ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။
စောဂျွန်သည် (၃၁) ပွဲထိုး၊ ပွဲ(၂၀) နိုင်၊ (၇) ပွဲရှုံး၊ (၄) ပွဲသရေကျထားသည်။

မူရင်းသတင်း — Eleven Media Group