Eleven Media Group

ONE Championship တွင်  ကချင်တိုင်းရင်းသား မြန်မာ MMA ဖိုက်တာ အောင်လအန်ဆန်၏ နောက်ဆုံးပွဲကို မြင်တွေ့ရဦးမည်ဟု သူ၏အေးဂျင့်ဖြစ်သူ ပြောကြား

Photo: PKMM

ကချင်တိုင်းရင်းသား မြန်မာ MMA ဖိုက်တာ အောင်လအန်ဆန်၏ အေးဂျင့်ဖြစ်သူ ဦးဖုန်းကျော်မိုးမြင့်က ONE Championship တွင် အောင်လအန်ဆန်၏ နောက်ဆုံးပွဲကို မြင်တွေ့ရဦးမည်ဖြစ်ကြောင်း သူ၏ လူမှုကွန်ရက်၌ ရေးသားဖော်ပြခဲ့သည်။
ဦးဖုန်းကျော်မိုးမြင့်က ''ဒီရှုံးပွဲ(ရှာမေးလ်အာဒိုဂန်) အတွက် ဆင်ခြေမပေးလိုပါဘူး။ ဒါပေမဲ့ ဒီပွဲကနေ ကျွန်တော်တို့ အပြုသဘောဆောင်တဲ့ သင်ခန်းစာတွေ အများကြီး ရလိုက်ပါတယ်။ ကျွန်တော်တို့ ရင်ဆိုင်ရတဲ့ ပြိုင်ဘက်က လူငယ်တစ်ယောက်ပါ။ ပြီးတော့ သူက ချန်ပီယံပြေးလမ်းပေါ်က မကြာခင် ချန်ပီယံဖြစ်နိုင်တဲ့ဖိုက်တာပါ။ အောင်လအန်ဆန်လို ဖိုက်တာမျိုး ကျွန်တော် မမြင်တွေ့ခဲ့ဖူးပါဘူး။ သူဟာ သူရဲကောင်းတစ်ဦးလို၊ ခြသေ့င်္တစ်ကောင်လို၊ ဂန္တဝင်တစ်ဦးလို အများ ကြီးစွမ်းဆောင်ပြခဲ့ပြီးပါပြီ။ အခုတော့ ကျွန်တော်တို့ရဲ့နေ့ရက်တွေက အကန့်အသတ်ရှိလာပါပြီ။ ဒါပေမဲ့ ငါတို့ နောက်ဆုံးတစ်ပွဲ ဆက်ချလိုက်ကြရအောင် အောင်လရေ...။ နောက်ဆုံးတစ်ပွဲပါပဲ''ဟု ရေးသားထားခဲ့ ခြင်းဖြစ်သည်။
ကချင်တိုင်းရင်းသား မြန်မာ MMA ဖိုက်တာ အောင်လအန်ဆန်သည် ပြီးခဲ့သည့်ဖေဖော်ဝါရီ ၂၀ ရက်က ကာတာနိုင်ငံ၊ လူဆေးလ်မြို့ရှိ Lusail Sports Arena တွင် ကျင်းပပြုလုပ်ခဲ့သည့် ONE-171 ပြိုင်ပွဲတွင် ပြိုင်ဘက်ဟောင်း တူရကီဖိုက်တာ ရှာမေးလ်အာဒိုဂန်နှင့် မကျေပွဲအဖြစ် ပြန်လည်ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ ပထမအချီ(၂၈) စက္ကန့်မှာပင် အာဒိုဂန်၏ ဘယ်ခြေအမြင့်ကန်ချက်ကြောင့် အရှုံးပေးခဲ့ရသည်။
အောင်လအန်ဆန်သည် အလဲထိုးခံရပြီးချိန်တွင် သံဆန်ကာစည်းဝိုင်းအတွင်း၌ သူ၏ကစားသမားဘဝ ပြီးဆုံးပြီဟု ပြောကြားခဲ့သော်လည်း ချက်ချင်းပင် မပြီးဆုံးသေးကြောင်းနှင့် ဆက်လက်ထိုးသတ်သွားဦးမည်ဖြစ်ကြောင်း ပြန်ပြင်ပြောကြားခဲ့သည်။
ယင်းပွဲအပြီးပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ONE Championship ပရိုမိုးရှင်း၏ CEO ဖြစ်သူ ချက်ထရီက '' အောင်လအန်ဆန် အလဲထိုးခံရပြီးချိန်မှာ ဆရာဝန်က ကျွန်တော့်ကို လာပြောပါတယ်။ သူ (အောင်လအန်ဆန်) က အနားယူတော့မယ်။ သူအနေနဲ့ အားလုံးပြီးသွားပြီ ဆိုပြီးတော့ပါ။ တစ်မိနစ်ကြာပြီးတော့ အောင်လအန်ဆန်က ကျွန်တော့်ကို ပြန်လာပြောပါတယ်။ မဟုတ်ဘူး၊ မဟုတ်ဘူး။ ငါ အနားမယူသေးဘူး။ ဆက်ထိုးဦးမယ် ဆိုပြီးတော့ပါ။ ကျွန်တော် ဘာမှကို နားမလည်လိုက်ပါဘူး''ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
အောင်လအန်ဆန်နှင့် ရှာမေးလ်အာဒိုဂန်သည် ပထမအကြိမ်အဖြစ် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် စက်တင်ဘာ ၆ ရက်က အမေရိကန်နိုင်ငံတွင် ကျင်းပသည့် ONE-168 ပြိုင်ပွဲတွင် တွေ့ဆုံခဲ့ပြီး ဒုတိယအချီတွင် ရှာမေးလ်အာဒိုဂန်၏ ချုပ်ကွက်ကြောင့် အောင်လအန်ဆန် ရှုံးနိမ့်ထားခဲ့သည်။
အောင်လအန်ဆန်သည် လက်ရှိတွင် အသက်(၃၉) နှစ် ရှိပြီဖြစ်ပြီး ONE Championship ၌ ထိုးသတ်လာသည်မှာ ဆယ်နှစ်ကျော်လာပြီဖြစ်ကာ (၂၁) ပွဲထိုး၊ (၁၅) ပွဲနိုင်၊ (၆) ပွဲရှုံးနိမ့်ထားသည်။

မူရင်းသတင်း — Eleven Media Group