Eleven Media Group

၂၀၂၇ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲဝင်မည့် မြန်မာ့လက်ရွေးစင်အသင်း မတ် ၃ ရက်မှစ၍ လေ့ကျင့်မှုများပြုလုပ်နေ

Photo: AFF

၂၀၂၇ အာရှဖလားတတိယအဆင့် ခြေစစ်ပွဲဝင်မည့် မြန်မာ့လက်ရွေးစင်အသင်းသည် မတ် ၃ ရက်မှစ၍ လေ့ကျင့်မှုများ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် ဦးမျိုးလှိုင်ဝင်းသည် အသင်းကို ပဏာမကစားသမား ၄၂ ဦးဖြင့် ဖွဲ့စည်းလိုက်ပြီး လေ့ကျင့်မှုများ စတင်နေခြင်းဖြစ်သည်။
လက်ရှိတွင် မြန်မာ့လက်ရွေးစင်အသင်း၌ AFC Challenge League ပြိုင်ပွဲ ကွာတားဖိုင်နယ် ကစားရမည့် ရှမ်းယူနိုက်တက်အသင်းမှ ကစားသမားများနှင့် ပြည်ပထွက်ကစားနေသည့် ကစားသမားများမှာမူ ပူးပေါင်းနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင်အသင်းတွင် ရွေးချယ်ခံထားရသည့် ရှမ်းယူနိုက်တက်အသင်းမှ ကစားသမားများမှာ AFC Challenge League ပြိုင်ပွဲ ကွာတားဖိုင်နယ်အပြီး မတ် ၆ ရက်နောက်ပိုင်းမှ ပူးပေါင်းနိုင်မည်ဖြစ်သလို ပြည်ပထွက်ကစားနေသည့် ကစားသမားများမှာလည်း မတ်လတတိယပတ်အတွင်းမှ ပူးပေါင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၂၇ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲတွင် ဆီးရီးယား၊ အာဖဂန်နစ္စတန်၊ ပါကစ္စတန်အသင်းတို့နှင့် အုပ်စု (E) တွင် ကျရောက်နေပြီး အုပ်စုအဖွင့်ပွဲအဖြစ် မတ် ၂၅ ရက်တွင် အာဖဂန်နစ္စတန်အသင်းနှင့် ရန်ကုန်မြို့တွင် အိမ်ကွင်းပွဲစဉ် ကစားရမည် ဖြစ်သည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) သည် အာရှဖလား တတိယအဆင့်ခြေစစ်ပွဲ မတိုင်မီ မြန်မာ့လက်ရွေးစင်အသင်းအား ဗီယက်နမ်လက်ရွေးစင်အသင်းနှင့် ခြေစမ်းကစားခွင့်ရရန် ကြိုးစားခဲ့သော်လည်း ရက်ညှိနှိုင်းမှုအဆင်မပြေခဲ့၍ ပျက်ပြယ်ခဲ့ရသည်။
လက်ရှိတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) သည် မြန်မာ့လက်ရွေးစင်အသင်းအား နိုင်ငံတကာခြေစမ်းပွဲတစ်ပွဲ ကစားခွင့်ရရန် ကြိုးစားနေသော်လည်း အဆင်မပြေခဲ့ပါက ပြည်တွင်းကလပ်အသင်းတစ်သင်းနှင့် ခြေစမ်းကစားပြီးသာ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၂၄ အာဆီယံဖလားပြိုင်ပွဲအပြီးတွင် လေ့ကျင့်မှုရပ်နားထားခဲ့ပြီး ယင်းပြိုင်ပွဲတွင် အင်ဒိုနီးရှားနှင့် ဗီယက်နမ်အသင်းတို့ကို ရှုံးနိမ့်ကာ ဖိလစ်ပိုင်အသင်းနှင့် သရေကျပြီး လာအိုအသင်းကို အနိုင်ရကာ အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။

မူရင်းသတင်း — Eleven Media Group