
ချင်းတိုင်းရင်းသား မြန်မာ MMA ဖိုက်တာ ဂျိုရှူအာဗန်သည် UFC-313 ပြိုင်ပွဲတွင် မြန်မာနိုင်ငံတော်အလံကို ပထမဆုံးသယ်ဆောင်လာခွင့်ရမည်ဖြစ်ကြောင်း သိရသည်။
ချင်းတိုင်းရင်းသား မြန်မာ MMA ဖိုက်တာ ဂျိုရှူအာဗန်သည် ယခုကဲ့သို့ မြန်မာနိုင်ငံတော်အလံကို သယ်ဆောင်ခွင့်ရရန် သက်ဆိုင်ရာ အမေရိကန်ပြည်နယ် အားကစားကော်မရှင်နှင့် UFC ပရိုမိုးရှင်းမှ တာဝန်ရှိသူများကို သေသေချာချာရှင်းပြကာ မဆုတ်မနစ်ကြိုးစားခဲ့ရကြောင်း သိရသည်။
ဂျိုရှူအာဗန်က ''သူတို့တွေ( အမေရိကန်ပြည်နယ် အားကစားကော်မရှင်) မနေ့က ကျွန်တော့်ဆီ အီးမေးလ်ပို့အကြောင်းကြားလာပါတယ်။ ကျွန်တော် သူတို့နဲ့ အပြည့်အဝ ချိတ်ဆက်မိသွားပါပြီ။ အဲ့ဒီ အီးမေးလ်ကို ကျွန်တော့်နည်းပြအဖွဲ့ကို ပြတယ်။ ကျွန်တော့်သူငယ်ချင်းတွေကို ပြတယ်။ ကျွန်တော်တို့နိုင်ငံရဲ့အလံကို သယ်ဆောင်ခွင့်ရပြီဆိုတဲ့အကြောင်း။ ကျွန်တော့်အတွက်တော့ သိပ်ကျေနပ်စရာကောင်းတဲ့ နေ့တစ်နေ့ပါပဲ။ ကျွန်တော် ထင်တယ်ဗျ။ ကျွန်တော် ပထမဆုံးပွဲ ထိုးတုန်းက ဘယ်သူမှ အဲ့ဒီမေးခွန်းကို မမေးကြဘူး။ ကျွန်တော် ဒုတိယပွဲ၊ တတိယပွဲထိုးတဲ့အခါကျတော့ ဘာကြောင့် နိုင်ငံတော်အလံကို မယူဆောင်လာတာလဲဆိုတာ မေးလာကြပြီ။ ဒါက ကော်မရှင်နဲ့ သက်ဆိုင်သွားပြီ။ ခက်တာက သူတို့ က( အမေရိကန်ပြည်နယ် အားကစားကော်မရှင်) မြန်မာနိုင်ငံကို ကြားလည်းမကြားဖူးဘူး။ သိလည်း မသိဘူး ဖြစ်နေတာ။ ဒီတော့ ကျွန်တော် သူတို့ကို နားလည်အောင် ရှင်းပြရတယ်။ Google ကနေ ပြရတယ်။ အဲဒီတော့မှ သူတို့က ဟုတ်တယ်ဟဆိုပြီး လက်ခံသွားကြတာ။ ဒါကြောင့် ကျွန်တော် နောက်ဆုံးပွဲ ထိုးပြီးချိန်မှာ ကျွန်တော့်အသင်းက လူတွေကို ကျွန်တော်တို့နိုင်ငံတော်အလံကို ယူခိုင်းလိုက်ရတယ်။ နိုင်လို့လည်း ယူခိုင်းနိုင်တာပေါ့လေ။ ကျွန်တော် ဘယ်မှာ ကစားနေနေ ဝတ်ဆင်သွားမှာပါ။ ဒါက ကျွန်တော့်အတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုပါ''ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
ချင်းတိုင်းရင်းသား မြန်မာ MMA ဖိုက်တာ ဂျိုရှူအာဗန်သည် UFC-313 ပြိုင်ပွဲတွင် ဂျပန်ဖိုက်တာ ရီးဆူယူရာနှင့် ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်သည်။
ဂျိုရှူအာဗန်သည် မူလက ယင်းပြိုင်ပွဲတွင် ဘရာဇီးလ်ဖိုက်တာ ဘရူနိုဆေးလ်ဗားနှင့် ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်သော်လည်း ပြိုင်ဘက်အပြောင်းအလဲဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
UFC-313 ပြိုင်ပွဲကို လာမည့်မတ်(၈) ရက်တွင် အမေရိကန်နိုင်ငံ၊ နီဗားဒါးပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့ရှိ T-Mobile Arena ၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။
UFC ပရိုမိုးရှင်းသည် UFC-313 ပြိုင်ပွဲအတွက် တွဲဆိုင်း(၁၁) ဆိုင်း ထုတ်ပြန်ထားပြီး ယင်းတွဲဆိုင်းများထဲတွင် ဂျိုရှူအာဗန်နှင့် ဂျပန်ဖိုက်တာ ရီးဆူယူရာတို့၏တွဲဆိုင်းမှာ ပွဲစဉ်(၅) တွင် ပါဝင်နေလျက်ရှိသည်။
ဂျိုရှူအာဗန်သည် နောက်ဆုံးပွဲအဖြစ် ပြီးခဲ့သည့်ဒီဇင်ဘာ(၇) ရက်က အမေရိကန်နိုင်ငံ၊ လက်စ်ဗေးဂတ်စ်မြို့တွင်ကျင်းပသည့် UFC-310 ပြိုင် ပွဲတွင် အမေရိကန်ဖိုက်တာ ကိုဒီဒါဒန်ကို လက်ရည်အသာဖြင့် အစီးထိုးသတ်ခဲ့ပြီး အမှတ်ဖြင့်အနိုင်ရခဲ့သည်။
ဂျိုရှူအာဗန်သည် ယင်းပွဲ အနိုင်ရအပြီးတွင် UFC ပရိုမိုးရှင်း၏ အဆင့်သတ်မှတ်ချက်တွင် ဖလိုင်းဝိတ်တန်း၌ အဆင့် (၁၅) နေရာ သတ်မှတ်ခံခဲ့ရခြင်းဖြစ်သည်။