Eleven Media Group

အင်တာမီလန်ကို အိမ်ကွင်းတွင် သရေကျခဲ့ခြင်းအတွက် စိတ်ပျက်ကြောင်းနှင့် ချန်ပီယံလုပွဲတွင် ယုံကြည်မှုပိုရှိလာကြောင်း နာပိုလီနည်းပြ ကွန်တီ ပြောကြား

Photo: X

နာပိုလီနည်းပြ ကွန်တီက အင်တာမီလန်အသင်းကို အိမ်ကွင်းတွင် သရေကျခဲ့သည့်အတွက် စိတ်ပျက်မိကြောင်းနှင့် ချန်ပီယံလုပွဲတွင် ယုံကြည်မှု ပိုရှိလာကြောင်း ပြောကြားခဲ့သည်။
နာပိုလီအသင်းသည် မတ်လ(၁) ရက်က ကစားခဲ့သည့် စီးရီးအေပွဲစဉ် အိမ်ကွင်းတွင် အမှတ်ပေးဇယားထိပ်ဆုံးမှ အင်တာမီလန်အသင်းကို ခြေစွမ်းအသာဖြင့် ကစားနိုင်ခဲ့သော်လည်း ပွဲအပြီးတွင် (၁-၁) ဂိုးဖြင့် သရေကျခဲ့ခြင်းဖြစ်သည်။
နာပိုလီအသင်းသည် အဆိုပါပွဲစဉ် ပွဲချိန် (၂၂) မိနစ်တွင် အင်တာမီလန်အသင်းကို ဦးဆောင်ဂိုးပေးခဲ့ရကာ နောက်မှလိုက်ကစားခဲ့ရပြီး ပွဲချိန် (၈၇) မိနစ်တွင်မှ ဘီလင်းက ချေပဂိုးသွင်းယူခဲ့ခြင်းဖြစ်သည်။
နာပိုလီအသင်းသည် အဆိုပါပွဲစဉ်တွင် အင်တာမီလန်အသင်းကို ဘောလုံးပိုင်ဆိုင်မှုအသာဖြင့် ကစားနိုင်ခဲ့သလို၊ ဂိုးကန်သွင်းမှုနှင့် ဂိုးဖန်တီးမှုပိုင်းတို့တွင်လည်း အင်တာမီလန်ထက် သာလွန်ခဲ့သည်။
ထို့ကြောင့် နာပိုလီနည်းပြ ကွန်တီက ပွဲအပြီးတွင် အင်တာမီလန်ကို သရေကျခဲ့ခြင်းအတွက် စိတ်ပျက်မိကြောင်းနှင့် ၎င်းတို့အနေဖြင့် ယခုပွဲတွင် တစ်မှတ်ထက် ပိုရခဲ့သင့်ကြောင်း ပြောကြားခဲ့သည်။
ကွန်တီက ''အမှန်တကယ်သန်မာတဲ့ ပြိုင်ဘက်ကို အကောင်းဆုံး ယှဉ်ပြိုင်ကစားနိုင်ခဲ့ပေမဲ့ သရေကျခဲ့လို့ စိတ်ပျက်ရပါတယ်။ အင်တာက စီးရီးအေချန်ပီယံဆုအတွက် နှစ်ပေါင်းများစွာ တည်ဆောက်ထားတဲ့အသင်း ဖြစ်ပါတယ်။ အသင်းရဲ့စွမ်းဆောင်မှုနဲ့ စိတ်ဓာတ်ပိုင်းကို ကျွန်တော် ကျေနပ်ပါတယ်။ ဒီအတိုင်းဆိုရင် စီးရီးအေချန်ပီယံဆုကိုနောက်ဆုံးအချိန်ထိ စိန်ခေါ်နိုင်မှာပါ''ဟု ဆိုခဲ့သည်။
စီးရီးအေပွဲစဉ် (၂၇)အပြီးတွင် အဆင့်(၁)မှ အင်တာမီလန်(၅၈ မှတ်) နှင့် အဆင့်(၂)မှ နာပိုလီ(၅ရမှတ်)တို့ အကြား (၁)မှတ်သာ ကွာဟသည်။

မူရင်းသတင်း — Eleven Media Group