Eleven Media Group

FA ဖလားဗိုလ်လုပွဲအထိ အရောက်လှမ်းလိုသည်ဟု ဖူလ်ဟမ်ဂိုးသမား လေနို ပြောကြား

Photo: Emirates FA Cup

ပြီးခဲ့သည့် FA ဖလားပွဲတွင် မန်ယူအသင်းကို အနိုင်ယူခဲ့ရာ၌ ပယ်နယ်တီအဆုံးအဖြတ်တွင် လက်စွမ်းပြခဲ့သော ဖူလ်ဟမ်ဂိုးသမား လေနိုက ဗိုလ်လုပွဲအထိ အရောက်လှမ်းသွားလိုသည်ဟု ပြောကြားခဲ့သည်။
ထို့ ပြင် ၎င်းက မိမိတို့အနေဖြင့် မန်ယူအသင်းကို ပယ်နယ်တီအဆုံးအဖြတ် မတိုင်မီမှာပင် အနိုင်ရခဲ့သင့်သည်ဟု ထင်မြင်ကြောင်းလည်း ဆိုခဲ့သည်။
''မယုံနိုင်အောင်ပါပဲ။ ကျွန်တော်တို့ မိနစ်(၉၀)အပြီးမှာပဲ အနိုင်ရခဲ့သင့်တယ်လို့ ထင်ပါတယ်။ ပယ်နယ်တီဆိုတာကတော့ တစ်ခါတစ်ရံ ထီထိုးရသလိုဖြစ်ပြီး ကျွန်တော်တို့ ကံကောင်းခဲ့တာပါ။ ဂိုးနည်းပြက ကျွန်တော့်ကို သတင်းအချက်အလက်တချို့ပေးခဲ့ပေမဲ့ ကျွန်တော့်ရဲ့ ခံစားချက်ကပဲ ပိုအရေးကြီးခဲ့ပါတယ်။ ကျွန်တော် မှားယွင်းတဲ့ ဆုံးဖြတ်ချက်(၃)ခု ပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အသင်းက ပယ်နယ်တီကန်ခဲ့သူတွေကို အသိအမှတ်ပြုရမှာပါ။ ဒါဟာ လွယ်ကူတဲ့အရာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အားလုံး လက်ဖျားခါလောက်တဲ့အလုပ်ကို လုပ်ဆောင်ခဲ့တာပါ။ ကျွန်တော်တို့ ဝင်ဘလေအထိ အရောက်လှမ်းချင်ပါတယ်'' ဟု လေနိုက ပြောကြားခဲ့သည်။
ဖူလ်ဟမ်အသင်းသည် ၁၉၇၄-၇၅ ရာသီတွင် FA ဖလားဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ပြီးနောက်ပိုင်း နှစ်ပေါင်း(၅၀)အတွင်း ယင်းကဲ့သို့ ပြန်လည်စွမ်းဆောင်နိုင်ခြင်းမရှိတော့ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group