Eleven Media Group

အက်သလက်တီကိုနှင့်ပွဲတွင် ဥရောပပွဲ(၅၀၀)ပြည့်သည့် ပထမဆုံးကလပ်အသင်းအဖြစ် ရီးယဲလ်အသင်း မှတ်တမ်းဝင်မည်

Photo: UEFA

ရီးယဲလ်မက်ဒရစ်အသင်းသည် အက်သလက်တီကိုအသင်းနှင့် ယှဉ်ပြိုင်ကစားရမည့် ချန်ပီယံလိဂ်ပွဲတွင် ဥရောပပွဲ(၅၀၀)ပြည့်သည့် ပထမဆုံးကလပ်အသင်းအဖြစ် မှတ်တမ်းဝင်မည်ဖြစ်ကြောင်း သိရသည်။
ရီးယဲလ်မက်ဒရစ်အသင်းသည် ဥရောပဘောလုံးလောက၏ ဘုရင်အဖြစ် တင်စားခံထားရသည့်အသင်းဖြစ်ပြီး ဥရောပ၏ အဆင့်အမြင့်ဆုံးဖြစ်သည့် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဆုဖလားအများဆုံး ရယူထားနိုင်သည့်အသင်းလည်းဖြစ်သည်။
ထို့ပြင် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ချန်ပီယံဆု ပထမဆုံးရယူနိုင်သည့်အသင်း၊ ရာသီဆက်အများဆုံးရယူနို်င်သည့်အသင်းအဖြစ်လည်း ရပ်တည်နေသည်။
ရီးယဲလ်အသင်းသည် ဥရောပပြိုင်ပွဲများ၌ (၄၉၉)ပွဲ ယှဉ်ပြိုင်ထားပြီဖြစ်သည့်အတွက် အက်သလက်တီကိုအသင်းနှင့် ယှဉ်ပြိုင်မည့်ပွဲ၌ ပွဲ(၅၀၀) ပြည့်မြောက်မည်ဖြစ်သည်။
ရီးယဲလ်အသင်း၏နောက်တွင် ဘိုင်ယန်မြူးနစ်အသင်းက (၄၀၄)ပွဲဖြင့် ဒုတိယ ဥရောပပွဲအများဆုံးအသင်းအဖြစ် ရပ်တည်နေပြီး ဘာစီလိုနာအသင်းက (၃၅၇)ပွဲဖြင့် တတိယနေရာ၊ ဂျူဗင်တပ်စ်အသင်းက (၃၁၁)ပွဲဖြင့် စတုတ္ထနေရာ၊ ဘင်ဖီကာအသင်းက (၃၀၂)ပွဲဖြင့် ပဥ္စမနေရာတွင် ရပ်တည်နေကြောင်း သိရသည်။
ရီးယဲလ်အသင်းသည် ယှဉ်ပြိုင်ခဲ့သည့် ဥရောပပွဲစဉ် (၄၉၉)ပွဲတွင် (၃၀၁)ပွဲ အနိုင်ရရှိခဲ့ပြီး (၈၅)ပွဲ သရေကျကာ (၁၁၃)ပွဲ ရှုံးနိမ့်ခဲ့သည်။
ရီးယဲလ်အသင်းသည် ၁၉၅၅ ခုနှစ်တွင် ပထမဆုံးဥရောပပွဲ စတင်ယှဉ်ပြိုင်ခဲ့ပြီး နှစ်ပေါင်း(၇၀)အကြာ၌ ပွဲ(၅၀၀)ပြည့်မည်ဖြစ်သည်။

မူရင်းသတင်း — Eleven Media Group