Eleven Media Group

PSG နှင့် ရင်ဆိုင်ရမည့်ပွဲများမှာ အမှားအယွင်းမခံကြောင်းနှင့် နှစ်ကျော့စလုံးတွင် အကောင်းဆုံးပုံစံပြသနိုင်ရန် လိုအပ်ကြောင်း အသင်းဖော်များကို ဗန်ဒိုက် သတိပေး

Photo: X

လီဗာပူးလ်အသင်းခေါင်းဆောင် နောက်ခံလူ ဗန်ဒိုက်က PSG အသင်းနှင့် ရင်ဆိုင်ရမည့် ချန်ပီယံလိဂ်ပွဲများမှာ အမှားအယွင်းမခံကြောင်းနှင့် နှစ်ကျော့စလုံးတွင် အကောင်းဆုံးပုံစံပြသနိုင်ရန် လိုအပ်ကြောင်း အသင်းဖော်များကို သတိပေးပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းသည် ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့်တွင် ပြင်သစ်ထိပ်သီး PSG အသင်းနှင့် ဆုံတွေ့နေပြီး မတ်လ(၅)ရက်နေ့တွင် ပြင်သစ်မြေ၌ ပထမအကျော့၊ မတ်လ(၁၁)ရက်တွင် အင်္ဂလန်မြေ၌ ဒုတိယအကျော့ ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
လီဗာပူးလ်အသင်းသည် ချန်ပီယံလိဂ် League Phase တွင် အဆင့်(၁)နေရာရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည့်အပြင် ပရီးမီးယားလိဂ်ပြိုင်ပွဲ၌လည်း အကောင်းဆုံးခြေစွမ်းပြလျက်ရှိသည်။
သို့ သော် ဗန်ဒိုက်က PSG အသင်းနှင့် ရင်ဆိုင်ရမည့်ပွဲများမှာ ခက်ခဲမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
PSG အသင်းမှာ (၁၆)သင်းအဆင့်သို့ Play-offs မှတစ်ဆင့် တက်ရောက်လာခြင်းဖြစ်သော်လည်း ပြိုင်ပွဲစုံနောက်ဆုံး(၂၂)ပွဲဆက်တိုက် ရှုံးပွဲမရှိအောင် စွမ်းဆောင်ထားနိုင်သည့်အပြင် နောက်ဆုံး (၁၀)ပွဲဆက်တိုက် အနိုင်ရရှိထားသည်။
ထို့ကြောင့် ဗန်ဒိုက်က ''အရမ်းကောင်းတဲ့ ပွဲတစ်ပွဲ ဖြစ်လာမှာပါ။ အကောင်းဆုံးအသင်းတစ်သင်းနဲ့ ရင်ဆိုင်ရမယ်လို့ တွက်ထားပါတယ်။ ဘရက်စ်နဲ့ ကစားခဲ့တဲ့ နောက်ဆုံးချန်ပီယံလိဂ်ပွဲမှာ သူတို့ တော်တော်ကောင်းပါတယ်။ ဒါကြောင့် ခက်ခဲတဲ့ပွဲ ဖြစ်လာမှာပါ။ ဒါပေမဲ့ ဒါဟာ ကျွန်တော်တို့ ယှဉ်ပြိုင်ချင်တဲ့ပွဲတွေပါ။ ရှုံးထွက်အဆင့်တွေကို ရောက်လာပြီဆိုရင် မှားယွင်းခွင့်မရှိတော့ပါဘူး။ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ဖို့အတွက် ကျွန်တော်တို့ အရမ်းကောင်းဖို့ လိုပါ တယ်''ဟု ပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းသည် ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဘာစီလိုနာနှင့် ရီးယဲလ်မက်ဒရစ်တို့၏နောက် တတိယရေပန်းအစားဆုံးအသင်းအဖြစ် ရပ်တည်နေပြီး (၁၆)သင်းအဆင့်တွင် PSG အသင်းကို ကျော်ဖြတ်နိုင်ခဲ့ပါက ကွာတားဖိုင်နယ်တွင် အက်စတွန်ဗီလာ - ကလပ်ဘရုဂေးပွဲမှ အနိုင်ရရှိသည့်အသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
PSG နည်းပြ အန်နရီကေးကလည်း ဥရောပ၏အကောင်းဆုံးအသင်းတစ်သင်းနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group