
ရီးယဲလ်အသင်း၏ ဘရာဇီးလ်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်က ၎င်းကို ဆော်ဒီလိဂ်မှ တန်ဖိုးကြီးမားသည့် လစာနှုန်းထားဖြင့် ကမ်းလှမ်းရန် စီစဉ်နေကြောင်း သတင်းထွက်နေသော်လည်း ရီးယဲလ်အသင်းနှင့်သာ စာချုပ်သက်တမ်းတိုးလိုသည်ဟု ပြောကြားခဲ့သည်။
ဗင်နီစီယပ်စ်(၂၄ နှစ်)သည် လက်ရှိအချိန်တွင် ရီးယဲလ်အသင်း၏ ဦးဆောင်ကစားသမားတစ်ဦးအဖြစ် ရပ်တည်နေသော်လည်း စပိန်ပရိသတ်များနှင့် ဆက်ဆံရေးအဆင်မပြေသောကြောင့် ရီးယဲလ်အသင်းနှင့် လမ်းခွဲဖွယ်ရှိကြောင်း ထင်ကြေးပေးမှုများ ထွက်ပေါ်နေသည်။
၎င်းသည် ရီးယဲလ်အသင်းနှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပြီး လက်ရှိအချိန်၌ သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် ရီးယဲလ်အသင်းကလည်း လိုလားနေကြောင်း သိရသည်။
ထွက်ပေါ်နေသည့် အပြောင်းအရွှေ့သတင်းများနှင့် ပတ်သက်၍ ဗင်နီစီယပ်စ်က ''ကျွန်တော်ကတော့ အေးအေးဆေးဆေးပါပဲ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်စာချုပ်က ၂၀၂၇ အထိ ရှိနေတာကြောင့်ပါ။ သိပ်မကြာခင်မှာ စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့လည်း မျှော်လင့်ပါတယ်။ ကျွန်တော် ဒီမှာ ပျော်ရွှင်နေလို့ပါ။ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေ၊ အကောင်းဆုံးနည်းပြ၊ အကောင်းဆုံးအသင်းဥက္ကဋ္ဌ၊ အကောင်းဆုံးပရိသတ်တွေနဲ့အတူ ရှိနေခွင့်ရပြီး အားလုံးက ကျွန်တော့်ကို အရမ်းချစ်ကြပါတယ်။ ဒီထက် ပိုကောင်းတဲ့နေရာကို ကျွန်တော် မရှာဖွေနိုင်တော့ပါဘူး''ဟု ပြောကြားခဲ့သည်။
ဗင်နီစီယပ်စ်က ၎င်းအနေဖြင့် ပြီးခဲ့သည့်နှစ်က Ballon d'Or ဆုပေးပွဲကို အသင်း၏ ညွှန်ကြားမှုဖြင့် တက်ရောက်ခြင်းမပြုခဲ့သော်လည်း အဆိုပါဆုကို မမျှော်မှန်းခဲ့ကြောင်း ပြောကြားခဲ့သည်။