Eleven Media Group

■ မက်ဆီ မကစား၍ ဟူစတန်ဒိုင်နမိုအသင်း အစားထိုးလက်မှတ် ပြန်ပေးမည်

Photo: Leo Messi Facebook

မေဂျာလိဂ်ကလပ် ဟူစတန်ဒိုင်နမိုအသင်းသည် အင်တာမိုင်ယာမီအသင်းအား (၁-၄)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲတွင် ပြိုင်ဘက်အသင်း၌ နာမည်ကျော်ကစားသမား မက်ဆီ ပါဝင်ကစားခြင်းမရှိသည့်အတွက် အစားထိုးလက်မှတ် ပြန်ပေးမည်ဖြစ်ကြောင်း သိရသည်။

ဟူစတန်ဒိုင်နမိုအသင်းသည် ပွဲကြည့်လက်မှတ် (၂၂၀၀၀)စလုံး ရောင်းချခဲ့ရသော်လည်း ပရိသတ်များမှာ မက်ဆီကို အားပေးကြည့်ရှုရန် ဝယ်ယူခဲ့ကြခြင်းဖြစ်သောကြောင့် ယင်းသို့ စီစဉ်ခဲ့ခြင်းဖြစ်သည်။

အင်တာမိုင်ယာမီအသင်းနည်းပြ မာရှေရာနိုက ဂျမေကာကလပ် ကာဗယ်လီယာနှင့် Concacaf Champions Cup ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ် ရှိသောကြောင့် မက်ဆီကို အနားပေးခဲ့ခြင်းဖြစ်နိုင်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

ဟူစတန်ဒိုင်နမိုအသင်းက ကြေညာချက်ထုတ်ပြန်ရာတွင် ပရိသတ်များကို မိမိတို့၏လေးစားမှု ပြသခြင်းဖြစ်ပြီး အသင်း၏ ယခုရာသီ လာမည့်ပွဲများမှ လက်မှတ်များကို တောင်းခံနိုင်ကြောင်း ရေးသားထားခဲ့သည်။

အင်တာမိုင်ယာမီအသင်းသည် မက်ဆီ မပါဝင်သော်လည်း ယခုရာသီ၏ ပထမဆုံးမေဂျာလိဂ်နိုင်ပွဲ ရယူနိုင်ခဲ့သည်။

ယင်းပွဲတွင် လူးဝစ်ဆွာရက်ဇ် ခြေစွမ်းပြခဲ့ပြီး တစ်ဂိုးသွင်းယူကာ အသင်းဖော်များသွင်းယူသည့် သုံးဂိုးစလုံး ဖန်တီးပေးခဲ့သည်။

ဟူစတန်ဒိုင်နမိုအသင်းမှာမူ မေဂျာလိဂ်ရာသီသစ်တွင် နှစ်ပွဲကစား နှစ်ပွဲစလုံး အရေးနိမ့်ခဲ့သည်။

မူရင်းသတင်း — Eleven Media Group