Eleven Media Group

အီရန်တွင် ကစားခဲ့သည့် အာရှချန်ပီယံလိဂ်ပွဲစဉ်ကို ရော်နယ်လ်ဒို လွဲချော်ခဲ့ခြင်းမှာ ကြိမ်ဒဏ်ကျခံရမည်ကိုစိုးရိမ်သောကြောင့်ဟု သတင်းများထွက်ပေါ်ခဲ့ခြင်းအား အီရန်သံရုံး ငြင်းဆန်

Photo: X

အီရန်တွင် ကစားခဲ့သည့် အာရှချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်ကို အယ်လ်နာဆာအသင်းခေါင်းဆောင်ဖြစ်သူ စီရော်နယ်လ်ဒို လွဲချော်ခဲ့ခြင်းမှာ နိုင်ငံတွင်းသို့ ဝင်ရောက်လျှင် ကြိမ်ဒဏ်ကျခံရမည်ကို စိုးရိမ်သောကြောင့်ဟု သတင်းများထွက်ပေါ်ခဲ့ခြင်းအား ဗြိတိန်ဆိုင်ရာ အီရန်သံရုံးက ငြင်းဆန်ခဲ့သည်။

အယ်လ်နာဆာအသင်းသည် အီရန်ကလပ် အယ်စတယ်လာအသင်းနှင့် အဝေးကွင်းယှဉ်ပြိုင်ကစားခဲ့ရကာ ဂိုးမရှိသရေကျခဲ့ပြီး မတ်လ ၁၀ ရက်တွင် ဆော်ဒီအာရေဗျနိုင်ငံတွင် ဒုတိယအကျော့ကစားရမည်ဖြစ်သည်။

စီရော်နယ်လ်ဒိုသည် ၂၀၂၃ ခုနှစ် စက်တင်ဘာလက အီရန်သို့ အာရှချန်ပီယံလိဂ်ပွဲစဉ် လာရောက်ကစားရာတွင် မသန်စွမ်းပန်းချီဆရာမဖြစ်သူ ဖာတီမာဟာမာမီနှင့် သွားရောက်တွေ့ဆုံခဲ့သည်။

ဟာမာမီသည် စီရော်နယ်လ်ဒိုပုံတူ ပန်းချီကားများကို ခြေထောက်ဖြင့် ရေးဆွဲခဲ့ပြီးဖြစ်သည်။ ဟာမာမီက စီရော်နယ်လ်ဒိုအား ပန်းချီကားလက်ဆောင်ပေးခဲ့ကာ စီရော်နယ်လ်ဒိုကလည်း သူ့အား လက်မှတ်ရေးထိုးထားသည့် အယ်လ်နာဆာအသင်းဂျာစီတစ်ထည် လက်ဆောင်ပြန်ပေးခဲ့သည်။

ယင်းသို့တွေ့ဆုံရာတွင် စီရော်နယ်လ်ဒိုသည် ဟာမာမီအား ပွေ့ဖက်နမ်းရှုံ့ခဲ့ခြင်းကြောင့် အီရန်၏အစ္စလာမ်မစ်ဥပဒေအရ ကာမပိုင်ရှိသူ အမျိုးသမီးအား ထိတွေ့ခြင်းသည် ကြိမ်ဒဏ် ၉၉ ချက် ချမှတ်ခံရနိုင်ကြောင်း အစောပိုင်းသတင်းများက ဖော်ပြခဲ့သည်။

စီရော်နယ်လ်ဒိုအနေဖြင့် အီရန်နိုင်ငံသို့ ဝင်ရောက်လျှင် ယင်းသို့ အရေးယူခံရနိုင်ခြင်းကြောင့် မသွားရောက်ခြင်းဖြစ်ကြောင်း သတင်းအချို့က ရေးသားခဲ့ကြသည်။

၎င်းသည် ပြီးခဲ့သည့်ဖေဖော်ဝါရီလအတွင်းက အီရန်ကလပ် ပါဆီပိုလစ်အသင်းနှင့် အဝေးကွင်းပွဲစဉ်ကိုလည်း သွားရောက်ကစားခြင်း မရှိခဲ့ကြောင်း သိရသည်။

အီရန်သံရုံး ပြောရေးဆိုခွင့်ရှိသူတစ်ဦးက "အီရန်မှာ ဘယ်နိုင်ငံတကာအားကစားသမားကိုမှ စီရင်ချက်ချထားတယ်ဆိုတာမျိုး မရှိပါဘူး။ လုံးဝငြင်းဆန်ပါတယ်။ သူနဲ့ ဖာတီမာဟာမာမီတို့ ရိုးသားပြီး လူသားဆန်စွာ တွေ့ဆုံမှုကို အီရန်ပြည်သူတွေနဲ့ အားက စားအာဏာပိုင်တွေက ချီးကျူးသဘောကျကြပါတယ်"ဟု ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ်အတွင်းက အီရန်ရှေ့နေအမြောက်အမြားသည် စီရော်နယ်လ်ဒိုနှင့် ဟာမီမာတို့ တွေ့ဆုံခဲ့သည့်ဖြစ်စဉ်အပေါ် တိုင်ကြားခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ ဟာမာမီက သူနှင့် သူ့မိသား စု၏ခွင့်ပြုချက်မပါဘဲ ရှေ့နေများက လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ယင်းကာလက တုံ့ပြန်ခဲ့သည်။

အသက် ၄၀ နှစ်ရှိပြီဖြစ်သူ စီရော်နယ်လ်ဒိုသည် ယခုရာသီ ပြိုင်ပွဲစုံ ပွဲ ၃၀ အထိ ကစားထားပြီး ၂၅ ဂိုးသွင်း၊ လေး ဂိုးဖန်တီးခဲ့သည်။ ဆော်ဒီလိဂ်တွင်လည်း ဂိုးသွင်းအများဆုံးစာရင်းတွင် ထိပ်ဆုံးမှ ဦးဆောင်လျက်ရှိသည်။

မူရင်းသတင်း — Eleven Media Group