
လီဗာပူးလ်အသင်းနည်းပြ အာနယ်ဆလော့က မိမိတို့အနေဖြင့် PSG အသင်းအပါအဝင် မည်သည့်ပြိုင်ဘက်ကိုမျှ ကြောက်ရွံ့နေမည်မဟုတ်ကြောင်း ပြောကြားသည်။
လီဗာပူးလ်အသင်းသည် ချန်ပီယံလိဂ် ရှုံးထွက် ၁၆ သင်းအဆင့်တွင် ပြင်သစ်ထိပ်သီး PSG အသင်းနှင့် ဆုံတွေ့နေပြီး မတ်လ ၅ ရက်တွင် ပြင်သစ်မြေ၌ ပထမအကျော့၊ မတ်လ ၁၁ ရက်တွင် အင်္ဂလန်မြေ၌ ဒုတိယအကျော့ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
လီဗာပူးလ်အသင်းသည် ချန်ပီယံလိဂ် League Phase တွင် အဆင့်တစ်နေရာ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည့်အပြင် ပရီးမီးယားလိဂ်ပြိုင်ပွဲ၌လည်း အကောင်းဆုံးခြေစွမ်း ပြလျက်ရှိသည်။
PSG အသင်းမှာ (၁၆)သင်းအဆင့်သို့ Play-offs မှတစ်ဆင့် တက်ရောက်လာခြင်းဖြစ်သော်လည်း ပြိုင်ပွဲစုံ နောက်ဆုံး ၂၂ ပွဲဆက်တိုက် ရှုံးပွဲမရှိအောင် စွမ်းဆောင်ထားနိုင်သည့်အပြင် နောက်ဆုံး ၁၀ ပွဲဆက်တိုက် အနိုင်ရရှိခဲ့သည်။
ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် အာနယ်ဆလော့က "ကျွန်တော်တို့ PSG အသင်းကို ကြောက်နေသလား မေးလာရင်တော့ ဘယ်အသင်းကိုမှ မကြောက်ပါဘူး။ ဒါပေမဲ့ သူတို့ရဲ့အရည်အသွေးကိုတော့ အထင်ကြီးမိပါတယ်။ သူတို့ရဲ့ ရလဒ်မျဉ်းတွေ့ အထက်ဘက်ကို တောက်လျှောက်တက်နေပြီး ကျွန်တော်တို့နဲ့ အနည်းငယ်တူပါတယ်။ လီဗာပူးလ်၊ အာဆင်နယ်၊ PSG၊ ရီးယဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာစတဲ့ အသင်းတွေဟာ ကြောက်စရာပြိုင်ဘက်တွေ အဖြစ် ကျွန်တော် မယူဆပါဘူး။ ဒါပေမဲ့ သူတို့ကိုတော့ လုံးဝလေးစားပါတယ်။ ဒါဟာ ဒီအတွက် အကြောင်းပြချက်တစ်ခုပါပဲ။ သူတို့ဟာ ပွဲများစွာ တောက်လျှောက်အနိုင်ရခဲ့တယ်။ သူတို့မှာ အရည်အသွေးမြင့် ကစားသမားတွေလည်း မြောက်မြားစွာ ရှိနေပါတယ်"ဟု ပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းခေါင်းဆောင် နောက်ခံလူ ဗန်ဒိုက်က PSG အသင်းနှင့်ရင်ဆိုင်ရမည့် ချန်ပီယံလိဂ် ပွဲများမှာ အမှားအယွင်းမခံကြောင်းနှင့် နှစ်ကျော့စလုံးတွင် အကောင်းဆုံးပုံစံပြသနိုင်ရန် လိုအပ်ကြောင်း အသင်းဖော်များကို သတိပေးပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းသည် ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဘာစီလိုနာနှင့် ရီးယဲလ်မက်ဒရစ်တို့၏နောက် တတိယရေပန်းအစားဆုံးအသင်းအဖြစ် ရပ်တည်နေပြီး ၁၆ သင်းအဆင့်တွင် PSG အသင်းကို ကျော်ဖြတ်နိုင်ခဲ့ပါက ကွာတားဖိုင်နယ်တွင် အက်စ တွန်ဗီလာ-ကလပ်ဘရုဂေးပွဲမှ အနိုင်ရရှိသည့်အသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။