Eleven Media Group

မန်ယူအသင်း အောင်မြင်မှုများ ပြန်လည်ရရှိသည့်အချိန်ထိ မိမိအနေဖြင့် အသင်းတွင် ဆက်ရှိနေရန် မသေချာကြောင်း အသင်းနည်းပြ အာမိုရင်မ် ဝန်ခံ

Photo: X

မန်ယူနည်းပြ အာမိုရင်မ်က အသင်းအောင်မြင်မှုများရရှိသည့်အချိန်ထိ မိမိအနေဖြင့် အသင်းတွင် ဆက်ရှိနေရန် မသေချာကြောင်း ဝန်ခံပြောကြားခဲ့သည်။

မန်ယူအသင်းသည် ယခုရာသီတွင် ရလဒ်များဆိုးရွားနေပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အသင်းသမိုင်းတစ်လျှောက် အဆိုးရွားဆုံးရပ်တည်မှုအဖြစ် အဆင့် (၁၄) အထိ ရောက်ရှိနေသည်။

ထို့ပြင် မန်ယူအသင်းသည် လိဂ်ဖလားနှင့် FA ဖလားပြိုင်ပွဲများမှ ထွက်ခွာထားရပြီး လာမည့်ရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့်ရရန်အတွက် ယူရိုပါလိဂ်ပြိုင်ပွဲတွင် ဗိုလ်စွဲရန် ကြိုးပမ်းရတော့မည်ဖြစ်သည်။ ဖူလ်ဟမ်အသင်းအား ပယ်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ပြီး FA ဖလားပဉ္စမအဆင့်မှ ထွက်ခွာခဲ့ရပြီးနောက် မန်ယူနည်းပြ အာမိုရင်မ်က ၎င်းတို့၏ ရည်မှန်းချက်မှာ ပရီးမီးယားလိဂ်တွင် ဗိုလ်စွဲရန်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

အာမိုရင်မ်၏အဆိုပါမှတ်ချက်ကို မန်ယူဂန္ထဝင် ရွန်နီက ဝေဖန်ခဲ့ရာ ၎င်းတို့နှစ်ဦးအကြား အပြန်အလှန်ဝေဖန်မှုများလည်း ရှိခဲ့သည်။ သို့သော် ယခုအခါ အာမိုရင်မ်က မန်ယူအသင်း၏ရည်မှန်းချက်ကိုသာ ပြောကြားခြင်းဖြစ်ပြီး အသင်းအောင်မြင်မှုများ ပြန်လည်ရရှိချိန်တွင် ၎င်းအနေဖြင့် အသင်းတွင် ဆက်ရှိ၊ မရှိ မသေချာကြောင်း Sky Sports သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အာမိုရင်မ်က "လက်ရှိပုံစံ၊ လက်ရှိ ရလဒ်တွေနဲ့ အခုအချိန်မှာ ကျွန်တော်တို့အနေနဲ့ အကြီးကြီးစိတ်ကူးလို့မရဘူးလို့ လူတွေထင်နေတာကို ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ မှောင်မိုက်နေတဲ့အချိန်မှာ အလင်းလိုပါတယ်။ မန်ယူအသင်း အောင်မြင်မှုတွေ ပြန်လည်ရရှိချိန်မှာ ကျွန်တော့်အနေနဲ့ အသင်းမှာ ဆက်ရှိ၊ မရှိကို ကျွန်တော် မ သိပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ လုပ်နေရတာတွေအားလုံးက အနာဂတ်မှာ အသင်းအောင်မြင်မှု ရဖို့ပါပဲ"ဟုပြောကြားခဲ့သည်။

မန်ယူအသင်းနှင့် ချုပ်ဆိုထားသည့် အာမိုရင်မ်၏လက်ရှိစာချုပ်မှာ ၂၀၂၇ ခုနှစ်အထိ ဖြစ်ပြီး တစ်နှစ်သက်တမ်းတိုး ခွင့်ရှိသည်ဆိုသော အချက်ပါဝင်ကြောင်း သိရသည်။ မန်ယူအသင်းတာဝန်ရှိသူများသည် ရလဒ်များဆိုးရွားနေသော်လည်း အာမိုရင်မ်ကို ယုံကြည်နေဆဲဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group