Eleven Media Group

အဲဗာတန်နှင့်ပွဲအပြီးတွင် ကွင်းလယ်ဒိုင် မိုက်ကယ်အိုလီဗာအား ကြမ်းတမ်းသည့် စကားလုံးများဖြင့် လီဗာပူူးလ်နည်းပြ ဆလော့ ပြောဆိုခဲ့ကြောင်း FA ထုတ်ပြန်

Photo: X

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (UEFA)က လီဗာပူးလ်နည်းပြ အာနယ်ဆလော့သည် အဲဗာတန်နှင့်ပွဲအပြီးတွင် ကွင်းလယ်ဒိုင် မိုက်ကယ်အိုလီဗာအား ကြမ်းတမ်းသည့် F စကားလုံးများဖြင့် ပြောဆိုခဲ့သလို၊ စည်းကြပ်ဒိုင်များကိုလည်း Fစကားလုံးဖြင့် ဒေါသတကြီးအော်ဟစ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ဖေဖော်ဝါရီ (၁၂) ရက်က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် အဲဗာတန် (၂-၂) လီဗာပူးလ်ပွဲအပြီးတွင် နှစ်ဖက်ကစားသမားများ အချင်းများခဲ့ကြပြီး ကွင်းလယ်ဒိုင် မိုက်ကယ်အိုလီဗာက လီဗာပူးလ်နည်းပြ အာနယ်ဆလော့နှင့် ၎င်းလက်ထောက်နည်းပြအပါအဝင် (၄)ဦးကို အနီကတ်ပြခဲ့သည်။

ဆလော့နှင့် ၎င်း၏လက်ထောက်နည်းပြ ဟူလ်ရှော့ခ်ဖ်တို့က ပွဲ အပြီးတွင် ကွင်းလယ်ဒိုင် မိုက်ကယ်အိုလီဗာ၏ဆုံးဖြတ်ချက်ကို မကျေနပ်သဖြင့် စောဒက တက်ခဲ့ခြင်းဖြစ်သည်။ ဆလော့နှင့် ဟူလ်ရှော့ခ်ဖ်တို့သည် ယင်းကဲ့သို့စောဒကတက်မှုကြောင့် FA ၏ (၂) ပွဲပယ်ပြစ်ဒဏ်နှင့် ဒဏ်ငွေ ပေါင် (၇၀၀၀) စီ ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။

ယခုအခါ FA က မာဆေးဆိုက်ဒါဘီအပြီးတွင် ကွင်းလယ်ဒိုင် မိုက်ကယ်အိုလီဗာအား ဆလော့ပြောဆိုခဲ့သည့်စကားများကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အဲဗာတန်နှင့်ပွဲအပြီးတွင် လီဗာပူးလ်နည်းပြ ဆလော့သည် အိုလီဗာထံသို့ ချဉ်းကပ်ကာ "ခင်ဗျားက သူတို့ကို ေ-ာက် အရာအားလုံးကို ပေးခဲ့တာပဲ။ အဲဒီစွမ်းဆောင်မှုကို (ခင်ဗျား)ကျေနပ်နေမှာပေါ့"ဟု ပြောဆိုခဲ့သလို၊ ယင်းနောက် တစ်မိနစ်အကြာတွင် အိုလီဗာအား အတင်းလက်ဆွဲနှုတ်ဆက်ကာ "ငါတို့ ပရီးမီးယားလိဂ် မရရင် ငါ မင်းကို ေ-ာက်ပြစ်တင်မယ်"ဟု ပြောဆိုခဲ့ကြောင်း၊ ထို့ပြင် ဆလော့နှင့် ၎င်း၏လက်ထောက်သည် စည်းကြပ်ဒိုင်များကို "ေ-ာက်သဘောမတူဘူးကွာ" ဟုလည်း အော်ဟစ်ခဲ့ကြကြောင်း သိရသည်။

လီဗာပူးလ်နည်းပြ ဆလော့သည် အဲဗာတန်နှင့်ပွဲမှ ဖြစ်ရပ်အတွက် နောက်ပိုင်းတွင် လူသိရှင်ကြား ပြန်လည်တောင်းပန်ခဲ့သလို၊ ဒိုင်လူကြီးများကိုလည်း ကိုယ်တိုင်ကိုယ်ကျ တောင်းပန်ခဲ့ကြောင်း သိရသည်။ ဆလော့က အဲဗာတန်နှင့်ပွဲအပြီး ဖြစ်ရပ်မှာ သွေးပူတုန်း ဖြစ်သည့်လုပ်ရပ်ဖြစ်ပြီး အနာဂတ်တွင် ယင်းသို့မဖြစ်အောင် ဆင်ခြင်မည်ဟု ဆိုခဲ့သည်။

မူရင်းသတင်း — Eleven Media Group