Eleven Media Group

ဆာလာအား လီဗာပူးလ်အသင်းတွင် ဆက်နေရန် အီဂျစ်ယူ-၂၀ နည်းပြဟောင်း တိုက်တွန်း

Photo: X

လီဗာပူးလ်တိုက်စစ်ကစားသမား ဆာလာ၏ လက်ဦးဆရာဖြစ်သည့် အီဂျစ်ယူ-၂၀ နည်းပြဟောင်း အယ်လ်ဆာယက်ဒ်က ဆာလာအား လီဗာပူးလ်အသင်းတွင် ဆက်နေရန် တိုက်တွန်းပြောကြားခဲ့သည်။

အသက် (၃၂) နှစ်အရွယ်ရှိ အီဂျစ်ဝါရင့်တိုက်စစ်ကစားသမား ဆာလာသည် ယခုရာသီကုန်တွင် လီဗာပူးလ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။

လီဗာပူးလ်အသင်းသည် ၎င်းကို စာချုပ်သစ်ချုပ်ဆိုရန် ကြိုးပမ်းနေသော်လည်း လက်ရှိအချိန်အထိ သဘောတူညီမှုမရသေးကြောင်း သိရသည်။

ထို့ကြောင့် ဆာလာက ၎င်းအနေဖြင့် လီဗာပူးလ်အသင်းတွင် ဆက်နေရန်ထက် ထွက်ခွာရန် ပိုများကြောင်း ပြောကြားထားပြီး ၎င်းကို ခေါ်ယူရန် ဆော်ဒီကလပ်များက အသည်းအသန်းစိတ်ဝင်စားနေကြောင်း သိရသည်။

ယခုအခါ အီဂျစ်ယူ-၂၀ အသင်းတွင် ဆာလာနှင့် လက်တွဲခဲ့ဖူးပြီး ဆာလာကို ဘယ်တောင်ပံခံစစ်နေရာမှ တိုက်စစ်ကစားသမားအဖြစ် ကစားစေခဲ့သည့် အီဂျစ်ယူ-၂၀ နည်းပြ အယ်လ်ဆာယက်ဒ်က ၎င်းကို လီဗာပူးလ်တွင်သာ ဆက်နေရန်တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

အယ်လ်ဆာယက်ဒ်က "ကျွန်တော်ကတော့ သူှု့(ဆာလာ) ကို လီဗာပူးလ်မှာပဲ ဆက်နေချင်တယ်။ အီဂျစ်တစ်နိုင်ငံလုံးကလည်း သူ့ကို လီဗာပူးလ်မှာပဲ ဆက်နေစေချင်တာပါ။ ဆာလာအနေနဲ့ လီဗာပူးလ်ကို ချစ်တာကုလည်း ကျွန်တော်တို့ သိပါတယ်။ သူ့ကို လီဗာပူးလ်ကနေ ဘယ်မှ မပြောင်းစေချင်ပါဘူး"ဟု ပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group