Eleven Media Group

ယူရိုပါလိဂ်(၁၆)သင်းအဆင့် ပထမအကျော့ ပွဲကြိုသုံးသပ်ချက်

Photo: X

အယ်လ်ခမာ နှင့် စပါး (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)

Play-offs အဆင့်မှာ အယ်လ်ခမာအသင်းက ကစားသမားကောင်းတွေ များစွာရှိတဲ့ ဂါလာတာစာရေးလိုအသင်းကို ပြတ်ပြတ်သားသား ကျော်ဖြတ်ခဲ့တာပါ။ ဒီရာသီ ယူရိုပါလိဂ်အိမ်ကွင်းပွဲတွေမှာလည်း ရှုံးပွဲမရှိကာ League Phase အဆင့်တုန်းက ဂါလာတာစာရေးနဲ့သာ သရေကျပြီး ဖီနာဘာချီ၊ ရိုးမား၊ အက်ဖ်ဘော့ဂ်အသင်းတွေကို အနိုင်ကစားထားတာ တွေ့ရတယ်။ စပါးအသင်းရဲ့ခြေစွမ်းက အတက်အကျများပါတယ်။ League Phase မှာ တွေ့ဆုံဖူးပြီး စပါးအသင်းက အိမ်ကွင်းမှာ ကပ်အနိုင်ရခဲ့ပါတယ်။ အခု နယ်သာလန်မြေမှာတော့ အိမ်ရှင်အသင်းကိုပဲ ရွေးချယ်ချင်တယ်။

ဖီနာဘာချီ နှင့် ရိန်းဂျားစ် (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)

ဖီနာဘာချီအသင်း တူရကီစူပါလိဂ်မှာ ဂါလာတာစာရေးနဲ့ အမှတ်ပြတ်နေလို့ ဖလားပြိုင်ပွဲတွေကို ပိုအာရုံစိုက်လာတာ တွေ့ရတယ်။ လက်ရှိ ဖီနာဘာချီအသင်း လူစာရင်းအရလည်း ယူရိုပါလိဂ်မှာ ဘယ်အသင်းကိုမဆို စိန်ခေါ်နိုင်တဲ့ အနေအထားရှိပါတယ်။ ရိန်းဂျားစ်အသင်းက တူရကီကလပ်တွေနဲ့ တွေ့ဆုံမှုတွေမှာ ရလဒ်ကောင်းထားပြီး နောက်ဆုံး(၉)ပွဲမှာ နှစ်ကြိမ်သာ အရေးနိမ့်ခဲ့တယ်။ ရိန်းဂျားစ် ခြေကျနေလို့ ဖီနာဘာချီအသင်းပဲ အနိုင်ရဖို့များတယ်။

စတူအာဘူခါရက် နှင့် လိုင်ယွန် (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)

စတူအာဘူခါရက်အသင်းက အခုရာသီ ယူရိုပါလိဂ်အိမ်ကွင်းပွဲတွေမှာ မန်ယူတစ်သင်းတည်းကိုသာ အရေးနိမ့်ခဲ့တာပါ။ ရလဒ်ပိုင်းအရ မဆိုးဘူးလို့ပြောနိုင်တဲ့ အနေအထားဖြစ်ပေမဲ့ ပြိုင်ဘက်အသင်းကောင်းတွေနဲ့ သိပ်မတွေ့ခဲ့ရတာကို တွေ့ရ တယ်။ လိုင်ယွန်က နောက်ဆုံးကစားတဲ့ အဝေးကွင်းပွဲမှာ နိုင်ပွဲ ပြန်တွေ့ထားတယ်။ ယူရိုပါလိဂ် အဝေးကွင်းမှာလည်း ရှုံးပွဲမရှိ ကစားနိုင်ခဲ့တယ်။ ရိုမေးနီးယားမြေဖြစ်ပေမဲ့ လိုင်ယွန်နဲ့ စွန့်စားချင်တယ်။

ဆိုစီဒက် နှင့် မန်ယူ (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)

ဒီနှစ်သင်းက ဥရောပပြိုင်ပွဲတွေမှာ မကြာခဏတွေ့ဆုံ နေကျ အသင်းတွေလည်းဖြစ်တယ်။ မန်ယူအသင်းက ပြည်တွင်းလိဂ်မှာ တန်းဆင်းဇုန်ထဲက ပြိုင်ဘက်အသင်းတွေကိုတောင် မနည်းအနိုင်ယူရတဲ့အနေအထား ရောက်နေတယ်။ ဒါပေမဲ့ အခုရာသီ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ရှုံးပွဲမရှိသေးတဲ့ တစ်သင်းတည်းသောအသင်းအဖြစ် ရပ်တည်နေတာကိုတော့ သတိပြုရမယ်။ ဆိုစီဒက်အသင်းကလည်း ဒီရာသီ ရလဒ်ပိုင်းက သိပ်မစွံပါဘူး။ ဒါပေမဲ့ ဆိုစီဒက်အသင်းက အိမ်ကွင်းနောက်ဆုံးပွဲမှာ ရီးယဲလ်ကိုမရှုံးခင် (၅)ပွဲဆက်တိုက် အနိုင်ကစားခဲ့တယ်။ မန်ယူ သရေတော့ရမှာပါ။

ဗစ်တိုးရီးယားပယ်လ်ဇန် နှင့် လာဇီယို (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

လာဇီယိုအသင်းက League Phase မှာ ထိပ်ဆုံးရပ်တည်မှုနဲ့ (၁၆)သင်းအဆင့်ကို တက်ရောက်လာတဲ့အသင်းဖြစ်တယ်။ League Phase အဆင့်မှာ လာဇီယိုအသင်း ရလဒ်ပိုင်းအရ အရေးမပါတော့တဲ့ပွဲမှ အရေးနိမ့်ခဲ့တာပါ။ လာဇီယိုအသင်းသာ တကယ်ဖိဖိစီးစီးကစားရင် အဝေးကွင်းဖြစ်ပေမဲ့ အသာမရစရာ မရှိပါဘူး။ လာဇီယိုအသင်း ပွဲကျပ်တွေ ဆက်တိုက်ကစားခဲ့ရလို့ ပွဲပန်းနေနိုင်တာလောက်ပဲ စိုးရိမ်စရာရှိပါတယ်။ လာဇီယိုပဲ နိုင်ဖို့များတယ်။

ဘိုဒယ်ဂလင့် နှင့် အိုလံပီယာကော့စ် (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

ကွန်းဖရန့်လိဂ်ချန်ပီယံ အိုလံပီယာကော့စ်အသင်းက ယူရိုပါလိဂ်ပြိုင်ပွဲမှာလည်း မထင်မှတ်တာတွေ လုပ်ပြသွားဖို့ အာရုံစိုက်နေတယ်။ အိုလံပီယာကော့စ်အသင်း ပြိုင်ပွဲစုံမှာလည်း ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကတည်းက ရှုံးပွဲမရှိတော့ တာဖြစ်တယ်။ ယူရိုပါလိဂ်မှာလည်း အဖွင့်ပွဲ လိုင်ယွန်ကို အရေးနိမ့်ခဲ့တာကလွဲလို့ နောက်ဆုံး(၇)ပွဲဆက်တိုက် ရှုံးပွဲမရှိအောင် ကစားထားနိုင်ခဲ့တယ်။ ဘိုဒယ်ဂလင့်ကွင်းဖြစ်ပေမဲ့ အိုလံပီယာကော့စ်ပဲ ကြိုက်တယ်။

အေဂျက်စ် နှင့် ဖရန့်ဖတ် (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

ဒီနှစ်သင်းရဲ့ လတ်တလော Form မှာတော့ အေဂျက်စ်အသင်းကပဲ အပြတ်အသတ်သာပါတယ်။ ဒါပေမဲ့ အေဂျက်စ်အသင်းရဲ့ရှုံးပွဲတွေက ယူရိုပါလိဂ်မှာဖြစ်နေတာကိုတော့ သတိထားသင့်တယ်။ ဖရန့်ဖတ်အသင်းကတော့ ပြိုင်ပွဲစုံ နောက်ဆုံး (၇)ပွဲမှာ ဟော်စတိုင်ကီလ်တစ်သင်းကိုပဲ အနိုင်ရခဲ့ပါတယ်။ ဒါပေမဲ့ ပွဲကျပ်တွေများခဲ့တာကိုတော့ ထည့်တွက်ရမယ်။ လက်ရှိကစားသမားပိုင်းမှာ အိမ်ရှင် အေဂျက်စ်ထက် ဖရန့်ဖတ်က နှာတစ်ဖျားပိုသာတဲ့ အနေအထားပါပဲ။ ဖရန့်ဖတ်တိုက်စစ်မှာ မာမွတ်ရှ် မရှိတော့တဲ့ကွက်လပ်က အတော်ကြီးမားပါတယ်။ အေဂျက်စ် မရှုံးလောက်ဘူး။

ရိုးမား နှင့် ဘီလ်ဘာအို (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

တစ်ကျော့ပြန် ၀ါရင့်နည်းပြ ရာနီရေးရီ ကိုင်တွယ်နေတဲ့ ရိုးမားအသင်းက အမြင့်ဆုံးအနေအထားကို ရောက်နေတယ်လို့ ပြောရမယ်။ ပြိုင်ပွဲစုံ (၄)ပွဲဆက်တိုက် အနိုင်ကစားထားပြီး အိမ်ကွင်းနောက်ဆုံး(၁၁)ပွဲဆက် ရှုံးပွဲမရှိခဲ့ကာ တစ်ပွဲသာ သရေကျထားခဲ့တယ်။ ဘီလ်ဘာအိုအသင်းကတော့ နောက်ဆုံးပွဲမှာ ရှုံးပွဲပြန်တွေ့ထားပြီး ပြိုင်ပွဲစုံ အဝေးကွင်း(၄)ပွဲဆက် နိုင်ပွဲပျောက်ခဲ့တယ်။ ရိုးမားအသင်းက ယူရိုပါလိဂ်မှာ ၂၀၂၂- ၂၃ ရာသီ ဗိုလ်လုပွဲရောက်ထားပြီး ပြီးခဲ့တဲ့ရာသီမှာတော့ ဆီမီးဖိုင်နယ်တက်လှမ်းခဲ့တယ်။ ရောမမြေလည်းဖြစ်လို့ အိမ်ရှင်ပဲ ကြိုက်တယ်။

မူရင်းသတင်း — Eleven Media Group