Eleven Media Group

မြန်မာ့လက်ရွေးစင်အသင်းကို ပဏာမ (၄၂)ဦးဖြင့် ဖွဲ့စည်းထားပြီး ကစားသမားသစ်များအပြင် ၀ါရင့်တိုက်စစ်မှူးအချို့လည်း ပြန်လည်ရွေးချယ်ခံရ

Photo: Nyi Nyi Soe Nyunt

မြန်မာ့လက်ရွေးစင် အမျိုးသားအသင်းသည် ယခုလအတွင်းယှဉ်ပြိုင်ရမည့် ၂၀၂၇ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲယှဉ်ပြိုင်ရန် ပဏာမကစားသမား (၄၂)ဦးရွေးချယ်ထားကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင်အသင်းသည် မတ် (၃)ရက်မှစ၍ စခန်းဝင်လေ့ကျင့်လျက်ရှိပြီး နည်းပြချုပ် ဦးမျိုးလှိုင်ဝင်း ရွေးချယ်ထားသည့် ပဏာမလူစာရင်းတွင် မျက်နှာသစ်ကစားသမားများ၊ လိဂ်ပြိုင်ပွဲတွင် ခြေစွမ်းပြခဲ့သည့် ကစားသမားများပါဝင်လာသည့်အပြင် ၀ါရင့်တိုက်စစ်မှူး ပြည်မိုးကိုလည်း ပြန်လည်ရွေးချယ်ထားကြောင်း သိရသည်။
ယခု ရွေးချယ်ထားသည့် ပဏာမလူစာရင်းတွင် ချစ်မင်းထွေး (ဂိုး)၊ ကျော်သီဟဇော်၊ လှထွန်း၊ ရှမွှေလငိုင်းကီး၊ သန်းတိုးအောင်၊ သိန်းဇော်သီဟ၊ မျိုးဆက်ပိုင်၊ မင်းမော်ဦး၊ စွမ်းထက်တို့ ပထမဆုံး ရွေးချယ်ခံရပြီး ပြည်မိုး၊ ရန်ကျော်ထွေး၊ အောင်မြတ်သူတို့လည်း ပြန်လည်ရွေးချယ်ခံရသည်။
ထို့ပြင် လက်ရွေးစင်အသင်းနှင့် ကာလအတန်ကြာဝေးကွာနေသည့် ကွင်းလယ်ကစားသမား ကျော်မင်းဦးလည်း ပဏာမလူစာရင်းတွင် ပြန်လည်ပါဝင်လာကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းသည် ပဏာမကစားသမား (၄၂) ဦးရွေးချယ်ထားသော်လည်း ပြည်ပကလပ်အသင်းများတွင် ကစားနေသူများ၊ AFC Challenge League ကွာတားဖိုင်နယ်နှစ်ကျော့ကစားရမည့် ရှမ်းယူနိုက်တက်အသင်းတို့မှ ကစားသမားများမှာမူ မတ်တတိယပတ်မှသာ ပူးပေါင်းနိုင်မည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ယခုလအတွင်း ကစားရမည့် အာရှဖလားတတိယအဆင့်ခြေစစ်ပွဲအတွက် ပြင်ဆင်ချိန် ရက် (၂၀)ကျော်ရရှိမည်ဖြစ်သော်လည်း ကစားသမားအစုံအလင် လေ့ကျင့်နိုင်မည့်ရက် နည်းပါးမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် အာရှဖလားတတိယအဆင့် ခြေစစ်ပွဲမတိုင်မီ နိုင်ငံတကာခြေစမ်းပွဲ ကစားခွင့်ရမည်မဟုတ်ဘဲ လေ့ကျင့်မှုပြုလုပ်ပြီးသာ ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ယခုခြေစစ်ပွဲမှာ မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းအတွက် ဒုတိယမြောက်နိုင်ငံတကာပြိုင်ပွဲဖြစ်ပြီး ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက ယှဉ်ပြိုင်ကစားသည့် ၂၀၂၄ Asean Cup ပြိုင်ပွဲတွင် ပထမဆုံးနိုင်ငံတကာပြိုင်ပွဲအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရာ အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။
၂၀၂၇ အာရှဖလားတတိယအဆင့်ခြေစစ်ပွဲကို (၄)သင်း (၆)အုပ်စုခွဲ၍ ကျင်းပမည်ဖြစ်ပြီး အုပ်စုတစ်ခုစီမှ အမှတ်အများဆုံးတစ်သင်းစီ ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။
မြန်မာအသင်းသည် အုပ်စု (E) တွင် ဆီးရီးယား၊ အာဖဂန်နစ္စတန်၊ ပါကစ္စတန်အသင်းတို့နှင့် ကျရောက်နေပြီး အုပ်စုပထမပွဲအဖြစ် မတ် (၂၅)ရက်တွင် အာဖဂန်နစ္စတန်အသင်းနှင့် အိမ်ကွင်းကစားရမည်ဖြစ်သည်။
အာရှဖလားတတိယအဆင့် ခြေစစ်ပွဲကို ၂၀၂၅ ခုနှစ် မတ်လမှ ၂၀၂၆ ခုနှစ် မတ်လအထိ တစ်နှစ်ကြာကျင်းပမည်ဖြစ်ပြီး ၂၀၂၇ အာရှဖလားပြိုင်ပွဲ နောက်ဆုံးအဆင့်ကို အသင်းစုစုပေါင်း (၂၄)သင်းဖြင့် ပြုလုပ်မည်ဖြစ်သည်။
ဒုတိယအဆင့်ခြေစစ်ပွဲအပြီးတွင် (၁၈)သင်းထွက်ပေါ်ထားသဖြင့် (၆)သင်းသာ ထွက်ပေါ်ရန်ကျန်ရှိသည်။

မြန်မာ့လက်ရွေးစင်အသင်း ပဏာမလူစာရင်း
ဂိုးသမား- ဆန်းဆက်နိုင် (ရန်ကုန်)၊ နေလင်းထက် (ဟံသာဝတီ)၊ ဇင်ညီညီအောင် (ဒဂုံစတား)၊ ချစ်မင်းထွေး (အား/ကာသိပ္ပံ)၊ ပြည့်ဖြိုးသူ (ရှမ်းယူနိုက်တက်)
နောက်တန်း- ဟိန်းဖြိုးဝင်း၊ အောင်ဝဏ္ဏစိုး၊ ဇွဲခန့်မင်း၊ သက်ဟိန်းစိုး၊ နန္ဒကျော် (ရှမ်းယူနိုက်တက်)၊ သီဟထက်အောင် (ဒဂုံစတား)၊ လတ်ဝေဘုန်း (ဟံသာဝတီ)၊ ဟိန်းဇေယျာလင်း၊ ရဲလင်းထက် (ရန်ကုန်)၊ ကျော်သီဟဇော် (အား/ကာသိပ္ပံ)၊ စိုးမိုးကျော် (အူထိုင်းထာနီ-ထိုင်း)၊ ရှမွှေလငိုင်းကီး (ရတနာပုံ)၊ လှထွန်း (သစ္စာအားမာန်)၊
အလယ်တန်း- ဥက္ကာနိုင်၊ ဝေလင်းအောင်၊ ဇော်ဝင်းသိန်း (ရန်ကုန်)၊ ခိုင်ရဲဝင်း၊ သန်းတိုးအောင်၊ သိန်းဇော်သီဟ (အား/ကာသိပ္ပံ)၊ မျိုးဆက်ပိုင် Dagon Port)၊ မင်းမော်ဦး (သစ္စာအားမာန်)၊ လွင်မိုးအောင် Rayong- ထိုင်း)၊ ကျော်မင်းဦး PDRM-မလေးရှား)၊ အောင်နိုင်ဝင်း၊ စွမ်းထက် (ဒဂုံစတား)၊ မြတ်ကောင်းခန့်၊ ရဲရင့်အောင်၊ ခွန်ကျော်ဇင်ဟိန်း (ရှမ်းယူနိုက်တက်)၊ သီဟဇော် (နာဂါဝေါလ်-ကမ္ဘောဒီးယား)၊ ဟိန်းထက်အောင် (နီဂျီရီဆီဘီလမ်-မလေးရှား)၊ မောင်မောင်လွင် (လမ်ဖွန်ဝါရီယာ-ထိုင်း)
ရှေ့တန်း- ဝင်းနိုင်ထွန်း (ချင်းရိုင်ယူနိုက်တက်-ထိုင်း)၊ သန်းပိုင် (ကန်ချာနာဘူရီ-ထိုင်း)၊ အောင်ကောင်းမာန် (ဖရေးယူနိုက်တက်-ထိုင်း)၊ ပြည်မိုး (ရတနာပုံ)၊ ရန်ကျော်ထွေး (ရန်ကုန်)၊ အောင်မြတ်သူ (ဟံသာဝတီ)

မူရင်းသတင်း — Eleven Media Group