Eleven Media Group

အသင်းဖော် ဘာပေ၏လစာထက် (၃၀) ရာခိုင်နှုန်းကျော် တိုးမြှင့်ပေးချေရန် ရီးယဲလ်မက်ဒရစ်အသင်းကို ဗင်နီစီယပ်စ် တောင်းဆိုထားကြောင်း AS ဖော်ပြ

Photo: X

ရီးယဲလ်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်သည် စာချုပ်သစ် ချုပ်ဆိုရန်အတွက် အသင်းဖော် ဘာပေ၏လစာထက် (၃၀) ရာခိုင်နှုန်းကျော်တိုးမြှင့်ပေးချေရန် အသင်းကို တောင်းဆိုထားကြောင်း စပိန်အားကစားသတင်းစာ AS က ဖော်ပြခဲ့သည်။
ရီးယဲလ်မက်ဒရစ်အသင်းနှင့် ချုပ်ဆိုထားသည့် ဘရာဇီးလ်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်၏ လက်ရှိစာချုပ်မှာ ၂၀၂၇ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်သည်။
ရီးယဲလ်မက်ဒရစ်အသင်းသည် အသင်း၏အဓိကကစားသမားဖြစ်သူ ဗင်နီစီယပ်စ်အား စာချုပ်သစ်ချုပ်ဆိုရန် ဆွေးနွေးနေပြီး ကစားသမားကိုယ်တိုင်ကလည်း အသင်းတွင် ကာလရှည်ဆက်နေလိုကြောင်း ပြောကြားထားသည်။
သို့သော် ဆော်ဒီကလပ်များက ဗင်နီစီယပ်စ်ကို တစ်နှစ်လစာ ယူရိုသန်း (၂၀၀)ဖြင့် ကမ်းလှမ်းမှုများရှိနေရာ ကစားသမားအနေဖြင့် စိတ်ကျေနပ်လောက်သည့် လစာရမှသာ ရီးယဲလ်နှင့်စာချုပ်သက်တမ်းတိုးဖွယ်ရှိကြောင်း သိရသည်။
ယခုအခါ AS က ဗင်နီစီယပ်စ်သည် စာချုပ်သစ်အတွက် တစ်နှစ်လစာ ယူရိုသန်း (၂၀) ပေးချေရန် ရီးယဲလ်အသင်းထံ တောင်းဆိုထားကြောင်း ဖော်ပြခဲ့သည်။
ယင်းပမာဏမှာ ရီးယဲလ်တွင် တစ်နှစ်လစာအများဆုံးအဖြစ် ယူရို(၁၅)သန်း ရရှိနေသည့် အသင်းဖော် ဘာပေ၏လစာထက် (၃၃) ရာခိုင်နှုန်း ပိုများနေကြောင်းလည်း AS က ဖော်ပြခဲ့သည်။

မူရင်းသတင်း — Eleven Media Group