
PSG အသင်းနည်းပြ အန်နရီကေးသည် လီဗာပူးလ်အသင်းနှင့်ပွဲတွင် ဂိုးကန်သွင်းခွင့် ၂၇ ကြိမ်ရရှိသော်လည်း ရှုံးနိမ့်ခြင်းအတွက် ဘောလုံးမှာ တရားမျှတမှုမရှိကြောင်း ညည်းတွားပြောဆိုခဲ့ပြီး ပြိုင်ဘက်အသင်းဂိုးသမား အယ်လစ်ဆန်ကိုမူ ချီးကျူးခဲ့သည်။
ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမ အကျော့အဖြစ် မတ် ၅ ရက်က ပါရီ၌ ယှဉ်ပြိုင်ကစားသည့်ပွဲတွင် PSG အသင်းမှာ ဂိုးကန် သွင်းမှု ၂၇ ကြိမ်အထိရရှိသော်လည်း ဂိုးကန်သွင်းမှု နှစ်ကြိမ်သာရရှိသည့် လီဗာပူးလ်အသင်းအား (၀-၁) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
လီဗာပူးလ်အသင်းဂိုးသမား အယ်လစ်ဆန်က ကာကွယ်မှုကိုးကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပြီး ယင်းပွဲ၏ အကောင်းဆုံးကစားသမားဆုကိုပါ ရယူနိုင်ခဲ့သည်။
သို့ဖြစ်ရာ အန်နရီကေးက ''ဒီညပွဲကို သုံးသပ်ဖို့ အရမ်းခက်ခဲမယ်လို့ ကျွန်တော် မထင်ပါဘူး။ ကျွန်တော်တို့က လီဗာပူးလ်ထက် အများကြီးပိုကောင်းခဲ့ပါတယ်။ ဥရောပရဲ့ ထိပ်တန်းအသင်းတစ်သင်းကို ပြီးပြည့်စုံတဲ့ စွမ်းဆောင်ရည်ဖန်တီးပြီးတော့ အခွင့်အရေးတွေ ပိုဖန်တီးနိုင်ခဲ့ပါတယ်။ ဘောလုံးက တစ်ခါတရံမှာ တရားမျှတမှုမရှိပါဘူး။ ကျွန်တော်တို့က ပထမအကျော့ပဲ ကစားရသေးတာပါ။ ကျွန်တော်တို့က ဘာမှရှုံးနိမ့်ထားတာ မရှိပါဘူး။ ဒီညစွမ်းဆောင်ရည်ကို ပုံတူကူး နိုင်ရင် ကျွန်တော်တို့ နောက်တစ်ဆင့်တက်နိုင်ပါတယ်။ ကျွန်တော်တို့က ဒီထက်ပိုပြီး ထိုက်တန်မှုပိုရှိပါတယ်။ သူတို့ရဲ့ အကောင်းဆုံးကစားသမားက ဂိုးသမားပါ။ သူက ဒီနေ့မှာ အရမ်းကောင်းလွန်းပါတယ်။ ဒီနေ့ပွဲက အချက်အလက်တွေအပေါ် အခြေခံတဲ့ပွဲ မဟုတ်ပါဘူး။ ကျွန်တော်တို့က ပိုပြီးသာပါတယ်။ ကျွန်တော်တို့ လီဗာပူးလ်ကို ကစားခွင့် မပေးခဲ့ဘူး။ သူတို့က ပွဲအစငါးမိနစ်မှာပဲ ကျွန်တော်တို့ထက် ပိုကောင်းခဲ့ပြီး အဲဒါကလွဲရင် ကျွန်တော်တို့က ထိပ်ဆုံးမှာရှိနေတာပါ'' ဟု ပြောကြားသည်။
လီဗာပူးလ်အသင်းနည်းပြ အာနယ်ဆလော့ကလည်း ''သရေကျခဲ့ရင်တောင် ကျွန်တော်တို့က ကံကောင်းသူအဖြစ် ရှိနေဦးမှာပါ။ ဒီနေ့ပွဲမှာ သူတို့က ပိုကောင်းတဲ့အသင်းပါ။ ဒီရလဒ်က ကျွန်တော်တို့အတွက် ကောင်းပါတယ်။ ဒါပေမဲ့ ပါရီရဲ့အရည်အသွေးကို ကျွန်တော်တို့ခံစားခဲ့ရတယ်။ နောက်ခံအချက်အလက်အားလုံးက သူတို့က ချန်ပီယံလိဂ်မှာ အကောင်းဆုံးအသင်းဆိုတာ ပြသနေပါတယ်။ သူတို့ဘယ်လောက်ကောင်းလဲဆိုတာ ကျွန်တော် မအံ့သြပါဘူး။ ကျွန်တော်တို့က ပုံမှန်စွမ်းဆောင်ရည်အောက် ရောက်သွားတာ မဟုတ်ပါဘူး။ ပြိုင်ဘက်အသင်းရဲ့ အရည်အသွေးအောက်ကိုပဲ ရောက်သွားတာပါ။ အဲဒါကို ဒီနေ့မှာ သူတို့ပြသနိုင်ခဲ့တယ်။ လူးဝစ်အန်နရီကေးက ဒီနေရာမှာ မယုံနိုင်စရာ အသင်းတစ်သင်းကို ဖန်တီးထားနိုင်ပါတယ်'' ဟု တုံ့ပြန်ချီးကျူးခဲ့သည်။
၎င်းတို့နှစ်သင်း၏ ဒုတိယအကျော့ပွဲစဉ်ကို မတ် ၁၁ ရက်တွင် အန်ဖီးလ်ကွင်း၌ ပြန်လည်ကစားရမည်ဖြစ်သည်။