
လိုင်ယွန်အသင်းနည်းပြ ဖွန်ဆီကာသည် ဒိုင်လူကြီးကို ပြင်းထန်စွာစောဒကတက်ခဲ့သောကြောင့် ကိုးလပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရကြောင်း သိရသည်။
အသက် ၅၂ နှစ်ရှိပြီဖြစ်သည့် ပေါ်တူဂီနည်းပြ ဖွန်ဆီကာသည် မတ် ၂ ရက်က ဘရက်စ်အသင်းအား အိမ်ကွင်း၌ (၂-၁) ဂိုး ဖြင့် အနိုင်ရသည့် လီဂူး-၁ ပွဲစဉ်တွင် ဒိုင်လူကြီး ဘီနွိုင်မီယိုကို ပြင်းထန်စွာ စောဒတက်ခဲ့သောကြောင့် အနီကတ်ဖြင့် ထုတ်ပယ်ခံရခြင်းဖြစ်သည်။
ပွဲပြီးခါနီး နာကျင်အချိန်ပိုတွင် ဘရက်စ်အသင်း ပယ်နယ်တီရနိုင်သည့်အခြေအနေကို ဖွန်ဆီကာက ဒေါသတကြီးတုံ့ပြန်ခဲ့ခြင်းဖြစ်ပြီး အနီကတ်ပြခံရပြီးနောက် ဒိုင်လူကြီးအား မျက်နှာချင်းဆိုင်၍ အော်ဟစ်ပြောဆိုခဲ့သည်။
ထို့ပြင် ၎င်းသည် ဒုတိယအကြိမ် ထပ်မံရင်ဆိုင်တွေ့ရန် ကြိုးပမ်းခဲ့သောကြောင့် လိုင်ယွန်အသင်းကစားသမားများက ဟန့်တားခဲ့ရသည်။
ဖွန်ဆီကာက ၎င်း၏အပြုအမူအတွက် ပြန်လည်တောင်းပန်ခဲ့သော်လည်း ပြင်သစ်ပရော်ဖက်ရှင်နယ်ဘောလုံးလိဂ်(FLP) က ကိုးလပွဲပယ်ပြစ်ဒဏ်ချမှတ်ကြောင်း မတ် ၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါပြစ်ဒဏ်အရ ဖွန်ဆီကာအနေဖြင့် အရန်ခုံနှင့် ဒိုင်လူကြီးများ အဝတ်လဲခန်းသို့ သွားရောက်ခွင့်အပါအဝင် တရားဝင်လုပ်ဆောင်ခွင့်အားလုံးကို နိုဝင်ဘာ ၃၀ ရက်အထိလည်းကောင်း၊ လိုင်ယွန်အသင်း၏ အဝတ်လဲခန်း၊ ဘောလုံးကွင်း၊ ဥမင်လိုဏ်ခေါင်းနှင့် အဆိုပါနေရာများသို့သွားရောက်နိုင်သည့် စင်္ကြံနေရာများသို့ သွားရောက်ခွင့်ကို စက်တင်ဘာ ၁၅ ရက်အထိလည်းကောင်း ပိတ်ပင်ခံရမည်ဖြစ်ကြောင်း သိရသည်။
လိုင်ယွန်အသင်းကမူ ဖွန်ဆီကာ၏လုပ်ရပ်အပေါ် စိတ်ပျက်မိသော်လည်း အယူခံဝင်နိုင်မည့် နည်းလမ်းအားလုံးကို လေ့လာသုံးသပ်နေကြောင်း ထုတ်ပြန်ခဲ့သည်။
ဖွန်ဆီကာသည် ဇန်နဝါရီ ၃၁ ရက်တွင် လိုင်ယွန်အသင်းနည်းပြအဖြစ် ခန့်အပ်ခံထားရသူဖြစ်ပြီး ငါးပွဲသာ ကိုင်တွယ်ရသေးသည်။