
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)သည် ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ပြိုင်ပွဲဝင်အသင်းအရေအတွက်ကို (၆၄)သင်းအထိ တိုးမြှင့်ရန် စဉ်းစားနေကြောင်း သိရသည်။
ဖီဖာသည် လာမည့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် (၄၈)သင်းပါဝင်သည့်ပြိုင်ပွဲအဖြစ် တိုးမြှင့်ထားပြီးဖြစ်သော်လည်း ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ အရေအတွက် ထပ်မံတိုးမြှင့်ရန် စဉ်းစားနေခြင်းဖြစ်ကြောင်း သိရသည်။
ကမ္ဘာ့ဖလားပြိုင်ပွဲကို ၁၉၃၀ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နှစ်(၁၀၀)ပြည့်ဖြစ်သောကြောင့် (၆၄)သင်းအထိ တိုးမြှင့်ရန် စဉ်းစားနေခြင်းဖြစ်ကြောင်း သိရသည်။
၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို မော်ရိုကို၊ ပေါ်တူဂီ နှင့် စပိန်တို့က ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင်မူ(၄၈)သင်း ပါဝင်သည့်ပြိုင်ပွဲအဖြစ် ကျင်းပသွားရန်သာ စီစဉ်ထားသည်။
သို့သော် ဖီဖာသည် နှစ်(၁၀၀)ပြည့် ပြိုင်ပွဲကို ထူးထူးခြားခြားကျင်းပသွားရန် ဆန္ဒရှိနေသည့်အတွက် အပြောင်းအလဲများ ဖြစ်ပေါ်လာဖွယ်ရှိကြောင်း သိရသည်။
ဖီဖာသည် ယင်းပြိုင်ပွဲ၌ အာဂျင်တီးနား၊ ပါရာဂွေးနှင့် ဥရုဂွေးတို့ကိုလည်း အိမ်ရှင်အဖြစ် တစ်ပွဲစီ ကျင်းပခွင့်ပြုထားသည်။
ဖီဖာသည် ကမ္ဘာ့ဖလားပြိုင်ပွဲကို အသင်းအရေအတွက် တိုးမြှင့်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး ၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ (၃၂)သင်းပါဝင်သည့် ပြိုင်ပွဲအဖြစ် ကျင်းပခဲ့သည်။