
မန်ယူအသင်း၏နည်းပြ အာမိုရင်မ်က ယူရိုပါလိဂ်(၁၆)သင်းအဆင့် ပထမအကျော့တွင် ဆိုစီဒက်အသင်းနှင့် သရေကျခဲ့ပြီးနောက် အိမ်ကွင်း၌ အနိုင်ကစားရတော့မည်ဖြစ်၍ ဖိအားပိုများသွားပြီဟု သုံးသပ်ပြောကြားခဲ့သည်။
မန်ယူအသင်းသည် စပိန်မြေ၌ ယှဉ်ပြိုင်ကစားခဲ့သည့် ယူရိုပါလိဂ်(၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ်တွင် ဇက်ဇီး၏ သွင်းဂိုးဖြင့် ဆိုစီဒက်အသင်းကို ဦးဆောင်နိုင်ခဲ့သော်လည်း ပယ်နယ်တီပေးရပြီး သရေကျခဲ့ခြင်းဖြစ်သည်။
မန်ယူအသင်းသည် ဆိုစီဒက်အသင်းထက် ဂိုးရနိုင်သည့် အခွင့်အလမ်းများ ပိုမိုဖန်တီးနိုင်ခဲ့သော်လည်း တစ်ဂိုးသာ သွင်းယူနိုင်ခဲ့သည့်အတွက် စိတ်ပျက်မိကြောင်းလည်း အာမိုရင်မ်က ပြောကြားခဲ့သည်။
အာမိုရင်မ်က သရေရလဒ်ထွက်ပေါ်ခဲ့ခြင်းမှာ ကစားသမားများအနေဖြင့် ပွဲချိန်ပြည့် ကြံ့ခိုင်မှုပြည့်ဝစွာ မကစားနိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်ဟုလည်း သုံးသပ်ခဲ့သည်။
''ပယ်နယ်တီ မပေးရခင်အထိ ကျွန်တော်တို့ ပွဲကို ကောင်းကောင်းထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ ပယ်နယ်တီပေးလိုက်ရတဲ့ နောက်မှာတော့ အခြေအနေက အနည်းငယ်ပြောင်းလဲသွားပါတယ်။ နောက်ဆုံးမိနစ်(၃၀)မှာ ကျွန်တော်တို့အသင်းက တကယ့်ကို မောပန်းနွမ်းနယ်နေပါတယ်။ ဒါကို ခင်ဗျားလည်း ခံစားမိပါလိမ့်မယ်။ လာမယ့်ပွဲကတော့ ခြားနားတဲ့ပွဲတစ်ပွဲ ဖြစ်လာမှာပါ။ ကျွန်တော်တို့အပေါ် ဖိအားတွေလည်း ရှိလာမှာပါ။ ဒါပေမဲ့ ရင်ဆိုင်ဖို့ အဆင်သင့်ပါပဲ''ဟု အာမိုရင်မ်က ပြောကြားခဲ့သည်။
မန်ယူအသင်းသည် လာမည့်တနင်္ဂနွေနေ့တွင် ပရီးမီးယားလိဂ်၌ အစဉ်အလာပြိုင်ဘက် အာဆင်နယ်အသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သောကြောင့် ပွဲကျပ်များ ဆက်တိုက်ရင်ဆိုင်နေရသည့်အခြေအနေဖြစ်သည်။
မန်ယူအသင်းသည် နောက်ဆုံးယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲစုံ(၅)ပွဲတွင် နိုင်ပွဲ(၁)ပွဲသာ ရယူနိုင်ခဲ့သည့်အတွက် နည်းပြ အာမိုရင်မ်အနေဖြင့်လည်း ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။
မန်ယူအသင်းသည် ယူရိုပါလိဂ်၌ ဗိုလ်စွဲရန် တတိယရေပန်းအစားဆုံးဖြစ်သည်။