Eleven Media Group

■ လက်ရွေးစင်အသင်းနှင့် (၁၇)လကြာ ဝေးကွာနေသည့် နေမာ ဘရာဇီးလ်လက်ရွေးစင်အသင်းတွင် ပြန်လည်ရွေးချယ်ခံရ

Photo: Getty Images

လက်ရွေးစင်အသင်းနှင့် (၁၇)လကြာ ဝေးကွာနေသည့် ဘရာဇီးလ် တိုက်စစ်ကစားသမား နေမာသည် လက်ရွေးစင်အသင်းတွင် ပြန်လည် ရွေးချယ်ခံခဲ့ရကြောင်း သိရသည်။
နေမာ (၃၃ နှစ်)သည် ဘရာဇီးလ်လက်ရွေးစင်အသင်း၏ ဂိုးသွင်းအများဆုံးနှင့် ဒုတိယပွဲအများဆုံးကစားသမားအဖြစ် ရပ်တည်နေသော်လည်း ၂၀၂၃ အောက်တိုဘာနောက်ပိုင်း လက်ရွေးစင်အသင်းတွင် ရွေးချယ်ခံရခြင်းမရှိတော့ပေ။

၎င်းသည် ဒဏ်ရာပြဿနာများနှင့် ရင်ဆိုင်နေရသောကြောင့် လက်ရွေးစင်အသင်းနှင့် ဝေးကွာနေခဲ့ခြင်းလည်းဖြစ်ပြီး ယခုအခါ ဆန်းတို့စ်အသင်းတွင် ခြေစွမ်းပြကစားနေသည့်အတွက် လက်ရွေးစင်အသင်းအတွက် ပြန်လည်ရွေး ချယ်ခံခဲ့ရခြင်းဖြစ်သည်။
ဘရာဇီးလ်အသင်းသည် မတ်လ နိုင်ငံတကာရက်သတ္တပတ်ကာလအတွင်း ကိုလံဘီယာ၊ အာဂျင်တီးနားအသင်းတို့နှင့် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ယှဉ်ပြိုင်ကစားရမည်ဖြစ်ရာ ယင်းအတွက် ကစားသမား(၂၃)ဦး ရွေးချယ်ခဲ့ရာတွင် နေမာကို ထည့်သွင်းရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နေမာသည် ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းနှင့် လမ်းခွဲပြီးနောက် ဘရာဇီးလ်ကလပ် ဆန်းတို့စ်အသင်းတွင် ယှဉ်ပြိုင်က စားလျက်ရှိရာ (၇)ပွဲ ယှဉ်ပြိုင်ကစားရာ၌ (၃)ဂိုးသွင်းပြီး (၃)ဂိုးဖန်တီးနိုင်ခဲ့သည့်အတွက် လက်ရွေးစင်အသင်းအတွက် တစ်ကျော့ပြန်ရွေးချယ်ခံရခြင်းဖြစ်ကြောင်းလည်း သိရသည်။

နေမာသည် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ယှဉ်ပြိုင်ခွင့်ရရှိရန် မျှော်လင့်နေကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group