
အမျိုးသမီးချန်ပီယံများဖလားပြိုင်ပွဲ (FIFA Women's Champions Cup) ကို ၂၀၂၆ ခုနှစ်နှင့် အမျိုးသမီးကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ (FIFA Women's Club World Cup) ကို ၂၀၂၈ ခုနှစ်တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က အ တည်ပြုထုတ်ပြန်ခဲ့သည်။
မတ် ၅ ရက်က ကျင်းပသည့် ဖီဖာကောင်စီအစည်းအဝေးတွင် အဆိုပါပြိုင်ပွဲနှစ်ခုကျင်းပရန်အတည်ပြုခဲ့ပြီး အမျိုးသမီးကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို မူလက ၂၀၂၆ ခုနှစ်တွင် စတင်ကျင်းပရန် စီစဉ်ထားသော်လည်း ၂၀၂၈ ခုနှစ်သို့ ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။
ဖီဖာ၏ ထုတ်ပြန်မှုအရ အမျိုးသမီးချန်ပီယံများဖလားပြိုင်ပွဲကို ၂၀၂၆ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပမည်ဖြစ်ပြီး အမျိုးသမီးကလပ်ကမ္ဘာ့ ဖလားပြိုင်ပွဲကိုမူ ၂၀၂၈ ခုနှစ်မှစ၍ လေးနှစ်တစ်ကြိမ် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အမျိုးသမီးချန်ပီယံများဖလားပြိုင်ပွဲတွင် ဥရောပ၊ အာရှ၊ တောင်အမေရိက၊ ကွန်ကာကပ်ဖ်၊ အာဖရိက၊ သမုဒ္ဒရာပိုင်း စသည့် ဇုန်တစ်ခုစီမှ ကလပ်တစ်သင်းစီ ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်ပြီး ပထမအကြိမ်ပြိုင်ပွဲကို ၂၀၂၆ ခုနှစ် ဇန်နဝါရီတွင် ကျင်းပမည်ဖြစ်သည်။
ပထမအဆင့်အဖြစ် အာရှချန်ပီယံအသင်းနှင့် သမုဒ္ဒရာပိုင်းချန်ပီယံအသင်း ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အနိုင်ရမည့်အသင်းမှာ ဒုတိယအဆင့်အဖြစ် အာဖရိကချန်ပီယံအသင်းနှင့် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ဆီမီးဖိုင်နယ်အဖြစ် ဥရောပချန်ပီယံအသင်းနှင့် ဒုတိယအဆင့်မှ အနိုင်ရမည့်အသင်း၊ တောင်အမေရိကချန်ပီယံအသင်းနှင့် ကွန်ကာ ကပ်ဖ် ချန်ပီယံအသင်း တွေ့ဆုံမည်ဖြစ်ပြီး ဗိုလ်လုပွဲနှင့် တတိယနေရာလုပွဲ ဆက်လက်ယှဉ်ပြိုင်ရမည် ဖြစ်သည်။
အမျိုးသမီးကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ဇုန်ခြောက်ခုမှ ကလပ်အသင်း ၁၆ သင်းဖြင့် ကျင်းပမည်ဖြစ်ပြီး ဥရောပဇုန်က တိုက်ရိုက် ငါးနေရာနှင့် Play-in ကစားခွင့် တစ်နေရာ၊ အာရှ၊ အာဖရိက၊ ကွန်ကာကပ်ဖ်နှင့် တောင် အမေရိကဇုန်က တိုက်ရိုက်နှစ်နေရာစီနှင့် Play-in ကစားခွင့် တစ်နေရာစီ၊ သမုဒ္ဒရာပိုင်းမှာမူ တိုက်ရိုက်ဝင်ခွင့်မရဘဲ Play-in ကစားခွင့် တစ်နေရာသာ ရရှိမည်ဖြစ်ကြောင်း သိရသည်။
၁၆ သင်းကို လေးသင်းတစ်အုပ်စု ဖြင့် အုပ်စုပတ်လည်ယှဉ်ပြိုင်စေပြီး အမှတ်အများဆုံးနှစ်သင်း ကွာတားဖိုင်နယ်သို့ တက်ရောက်ခွင့်ရမည်ဖြစ်သည်။ ယင်းပြိုင်ပွဲကို ၂၀၂၈ ခုနှစ် ဇန်နဝါရီ-ဖေဖော်ဝါရီတွင် ကျင်းပရန် လျာထားပြီး အိမ်ရှင်နိုင်ငံကို ထပ်မံရွေး ချယ်မည်ဖြစ်သည်။