
ရိန်းဂျားစ်အသင်း၏ ပရိသတ်တစ်ဦးသည် ဖီနာဘာချီအသင်းနှင့် ယှဉ်ပြိုင်ကစားသည့် ယူရိုပါလိဂ်ပွဲမတိုင်မီ မတော်တဆမှုဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ရိန်းဂျားစ်အသင်းပရိသတ်ဖြစ်သည့် ခရစ္စတိုဖာပေါ်တာဆိုသူသည် အစ္စတန်ဘူလ်မြို့၌ ကြာသပတေးနေ့ နံနက်ပိုင်းတွင် ယာဉ်တိုက်မှုဖြင့် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တူရကီမီဒီယာများ၏ ဖော်ပြချက်အရ ရိန်းဂျားစ်အသင်းပရိသတ် ခရစ္စတိုဖာပေါ်တာသည် ဒေသစံတော်ချိန် နံနက် (၄း၃၀) နာရီတွင် ATM မှ ငွေထုတ်ပြီး ဟိုတယ်သို့ ပြန်အလာတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းနေရာမှာပင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ခရစ္စတိုဖာပေါ်တာအနေဖြင့် မီးနီနေစဉ် လမ်းဖြတ်ကူးခဲ့ခြင်းဖြစ်သော်လည်း ယာဉ်တိုက်ခံခဲ့ရခြင်းဖြစ်ပြီး ပထမတစ်စီး အတိုက်ခံရပြီးနောက် နောက်မှပါလာသည့် ယာဉ်တစ်စီးကပါ ထပ်တိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တူရကီရဲများသည် ခရစ္စတိုဖာပေါ်တာ သေဆုံးမှုအတွက် သံသယရှိသည့် ယာဉ်မောင်း (၂) ဦးကို ဖမ်းဆီးထိန်းသိမ်းထားကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
ရိန်းဂျားစ်အသင်းပရိသတ် ခရစ္စတိုဖာပေါ်တာ သေဆုံးခြင်းအတွက် ရိန်းဂျားစ်နှင့် ဖီနာဘာချီအသင်းတို့က ဝမ်းနည်းကြေကွဲကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
ရိန်းဂျားစ်အသင်းသည် ကြာသပတေးနေ့က ကစားခဲ့သည့် ယူရိုပါလိဂ်ရှုံးထွက် (၁၆) သင်းအဆင့် ပထမအကျော့ပွဲစဉ်တွင် ဖီနာဘာချီအသင်းအား အဝေးကွင်း၌ (၃-၁) ဂိုးဖြင့် အနိုင်ရခဲ့သည်။